22
Sep

စာစီလို့မမီ ကမ္ဘာတည်မဲ့အလွမ်း (ကော့မူးရာကို သက်သေတည်သော်)

Loading

စာအုပ်အမည်- စာစီလို့မမီ ကမ္ဘာတည်မဲ့အလွမ်း (ကော့မူးရာကို သက်သေတည်သော်)

ရေးသူ- စောမူးသာ

စာမျက်နှာ- ၃၄၈

တန်ဖိုး- ၇၅၀၀

ပို့ခ- အခမဲ့

 

စာရေးသူစောမူးသာရေးသားသော “စာစီလို့မမီ ကမ္ဘာတည်မဲ့အလွမ်း (ကော့မူးရာကို သက်သေတည်သော်)” စာအုပ် ထွက်ရှိလာပါသည်။ ဤစာအုပ်သည် ကော့မူးရာစခန်းသိမ်းတိုက်ပွဲ အတွေ့အကြုံများကို ရေးသားထားပြီး ဝတ္ထုတစ်ပုဒ်သဖွယ် ရေးသားခြယ်မှုန်းထားသည်ကို ဖတ်ရှုရပါသည်။

+++++

ဤကော့မူးရာဖြစ်စဉ်ကို စာရေးသူ စောမူးသာက တိုက်ပွဲဖြစ်စဉ်အစအဆုံးကို (ယခုခေတ် Drone ဖြင့် အပေါ်စီးမှခြုံငုံကြည့်သကဲ့သို့) တပ်ရင်းတစ်ရင်းလုံး တပ်ရင်းမှူးကအစ အောက်ဆုံးစစ်သည်အဆုံး၊ ရဲမေများပါမကျန်၊ အကျင့်စရိုက် အလေ့အထ၊ လှုပ်ရှားမှုများကို အသက်ပါပါဖြင့် ရေးသားဖွဲ့သီခြယ်မှုန်းခဲ့ပါတယ်။ အဖြစ်မှန်ရာခိုင်နှုန်း (၉၀ ရာခိုင်နှုန်း) ကို ဝတ္ထုဆန်ဆန် ရသမြောက်မြောက် ရေးသားခဲ့ပါတယ်။ တပ်ရင်း စထွက်ကတည်းက ၁၉၈၉ တစ်ဝိုက်က မီးရထားကုန်တွဲများအခြေအနေလဲ မလွတ်စေရပါ။ လက်နက်ကြီး၊ လက်နက်ငယ်ကိုင်စစ်သည်များ၏ ကိုယ်စီလက်နက်အကြောင်း ယမ်းခိုးထိန်းကအစ၊ မောင်းရိုက်တံ၊ ပြောင်းလည်စည်းကွင်းပါမကျန် ရှင်းလင်းရေးသားထားမှုမှာ လက်ဖျားခါလောက်ပါတယ်။

အရာရှိငယ်များအကြောင်းနှင့် ခြေလျင်စစ်သည်တစ်ဦး တိုက်ပွဲဝင်နိုင်ရန်အတွက် အုပ်ချုပ်မှုဘယ်နှဦး ထောက်ပံ့ဖို့လိုသည်ဆိုတာကိုလဲ ရေးသားထားခဲ့ပါတယ်။ ကျဆုံးစစ်သည်များအတွက် နောက်တန်းရှိ မိသားစု အိမ်ထောင်သည်လိုင်းသို့ သွားရောက်အကြောင်းကြားမှု၊ ရင်ဆိုင်မှု၊ ဝမ်းနည်းမှုတို့မှာလဲ တကယ့်အစစ်အမှန်များဖြစ်၍ ရသမြောက်လှပါတယ်။ တိုက်ပွဲဖြစ်စဉ်များတွင် ပစ်အားနှင့်စစ်ကစား၊ ပစ်ကူတောင်းခံမှု၊ ဆက်ဆံမှု၊ ညီရင်းအစ်ကိုစိတ်ဓာတ်တို့ကို အားလုံးပြည့်စုံအောင် ဖော်ပြခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှု၊ လူ၊ လက်နက်ပစ္စည်း၊ စိတ်ဓာတ်ကောင်းမွန်ခဲ့ပြီး အထက်ကပေးအပ်သော အမိန့်နဲ့တာဝန်အရ မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အမှန်တရားကိုပဲ ရသမြောက်အောင် ရေးသားခဲ့သည်ကို တွေ့ရပါတယ်။

(ဗိုလ်ချုပ်မိုးဟိန်း(ငြိမ်း)၏ အမှာစာ… မှ)

+++++

ဓားဆိုသည်မှာ၊ ခုတ်ပါ၊ ထိုးပါ၊ ပိုင်းပါများက အခန့်မသင့်လျှင် ကျိုး၊ ပဲ့၊ လိပ်၊ ခေါက်ဖြစ်တတ်ကြစမြဲ။ ထိုးသော၊ ခုတ်သော၊ ပိုင်းသောဓားများသည် ဓားအိမ်အတွင်းမှ ဓားများကဲ့သို ပုံစံမယွင်း ရှိမနေနိုင်သည်မှာ ဓမ္မတာ။ သူ့အနေဖြင့် ဧည့်ခန်းမဆောင်ဝယ် ခန့်ခန့်ထည်ထည် ချိတ်ဆွဲထားသော၊ ပုံစံမယွင်း ရှင်းလင်းတင့်တယ်နေသည့် ဓားများထက် ခုတ်ရင်းပဲ့ကြွေ၊ ထိုးတိုင်းသေသည့် ဓားကျိုး၊ ဓားပဲ့များကို ပို၍နှစ်သက်မြတ်နိုး တန်ဖိုးထားပါသည်။

+++++

၀၈၃၀ နာရီခန့် တပ်ရင်းမှူးနှင့် ဗိုလ်မှူးတိုးအောင် မြေပုံကြည့်နေစဉ် ဝေါခနဲ၊ ဝေါခနဲ အသံကြီးများ ဟိန်းထွက်လာသဖြင့် နှစ်ဦးသား အသံထွက်ပေါ်လာရာသို နားစွင့်လိုက်ကြသည်။

“ငါတို့သည် နိုင်ငံတော်နှင့်…”

“ငါတို့သည် ကျဆုံးလေပြီးသော…”

“ငါ့အား…”

“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏”

 

“ခွဲ(၁)ဘက်ကကွ၊ ကိုတိုးအောင်” ဟု တပ်ရင်းမှူးက မှန်းဆသည်။

“ခပ်မိုက်မိုက်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ တပ်ရင်းမှူး” ဗိုလ်မှူးတိုးအောင် ထပ်ပြောသည်။ တပ်ရင်းမှူးက ကျေနပ်သည့်အပြုံးဖြင့် မှတ်ချက်ပြုသည်။

“ဒါမှလည်း ခပ်မိုက်မိုက် ပီသမှာပေါ့ကွာ”

 

ခွဲ(၁)တပ်ခွဲမှူးသည် အခြေပြုရာ ခြံဝန်းကျယ်ကြီးအတွင်း၌ သတိကိုမတ်နေအောင်ဆွဲ၍ တုတ်တုတ်မျှမလှုပ်သောတပ်ခွဲကို အားရပီတိဖြင့်ကြည့်ပြီး “သက်သာ” အမိန့်ပေးလိုက်သည်။ နောက် စကားတစ်လုံးချင်းသည် လေးလေးနက်နက်၊ ပီပီသသ ထွက်ပေါ်လာ၏။

“အေး မင်းတို့ တိုက်ရဲတယ်၊ သေရဲတယ်ဆိုတာ ငါယုံတယ်၊ မင်းတို့ သေမှာ၊ ဒဏ်ရာရမှာကို ငါမလိုချင်ဘူး၊ မမြင်ချင်ဘူး၊ မလိုချင် မမြင်ချင်ပေမဲ့ မင်းတို့ထဲက ငါအပါအဝင် ထိခိုက်ဒဏ်ရာရကြမှာပဲ၊ ဒါကိုအားလုံးသိတယ်၊ သိလျက်နဲ့ သေတောတိုးရဲတာ ငါတိုစစ်သားတွေပဲရှိတယ် ရှင်းလား”

“ရှင်းတယ်”

“အဲဒီတော့ ငါနဲ့ မင်းတို့ ကျဆုံး၊ ဒဏ်ရာရခဲ့ကြရင်တောင် အချည်းနှီးမဖြစ်စေနဲ့၊ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမယ်”

“တိုက်ရဲလား”

“တိုက်ရဲတယ်”

“သေရဲလား”

“သေရဲတယ်”

+++++

ကော့မူးရာ၏ ရှေ့ခံစစ်ကုန်းများမှ ပစ်ခတ်လိုက်သော ကျည်ဆန်များသည် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းကျေးရွာလေးရှိ ချစ်တတ်သည့် မိန်းမသားတချို့နှင့် ရင်သွေးငယ်များ၏ရင်ကို တည့်တည့်ထိမှန်ထားသည်လား။ မှောင်မိုက်၊ တိတ်ဆိတ်၊ ငြိမ်သက်သွားသော အိမ်ထောင်သည်လိုင်းခန်းများအတွင်းရှိ ကျန်ရဲမေတို့သည်လည်း သားသမီးများကို တင်းတင်းဖက်၍ ရှိက်ငိုနေကြပါလိမ့်မည်။ နားမလည်သေးသည့် နိုစိုရင်သွေးများအား ပိုက်ထွေး၊ နမ်းရှုပ်၊ တတွတ်တွတ်ချော့မြူ အားပေးနေကြပါလိမ့်မည်။ စိန္တေမြတ်ဘုရားရှေ့ ဝပ်တွား၊ ခေါင်းဝှေ့၊ ဆွေးမြေ့မြေ့ အိမ်ဦးသခင်၊ ငယ်ချစ်လင်ကို၊ ရွှင်ရွှင်လန်းလန်း၊ အောင်ပန်းတစ်ဝေဝေနှင့်ပြန်လာ ပါစေကြောင်း ဆုတောင်းနေကြပါလိမ့်မည်။

အမြင်မှာလွယ်၍ ဘဝမလွယ်သော၊ စစ်သားကြင်သူများသည် သည်းအူ ညွှတ်ပြောင်း၊ မေတ္တာရေလောင်းခဲ့မိသမျှ၊ ဘဝကိုရင်း၊ အံတင်းတင်းကြိတ်၊ ရင်တထိတ်ထိတ်နှင့် မနက်ဖြန်များစွာအား ကျော်လွှားဖြတ်သန်းနေကြရဦးမှာပါလား။

+++++

စာရေးသူက တိုက်ပွဲစဉ်တစ်ခုလုံးကို ရုပ်လုံးပေါ်အောင် ရေးသားထားသည်ဖြစ်ရာ စာတစ်အုပ်စာဖြင့် ပြီးစီးမှုမရှိနိုင်သည့်အတွက် ဤစာအုပ်ပြီးလျှင် ဆက်လက်ထုတ်ဝေသွားမည်လည်း ဖြစ်ပါသည်။

ဤစာအုပ်တွင် တပ်မတော်သားများ၏ တစ်ဦးနှင့်တစ်ဦး စွန့်လွှတ်အနစ်နာခံမှုများ၊ သံယောဇဉ်တရားများ၊ တစ်ဦးချင်းစီ၏ ချစ်စဖွယ်ပင်ကိုစရိုက်များ၊ တိုက်ပွဲအတွင်းမှာပင် ပျော်ရွှင်အောင်နေတတ်သည့် စိတ်ဓာတ်ခိုင်မာမှုများ၊ အကြီးအကဲများ၏ လက်အောက်အပေါ်ထားရှိသော စာနာနားလည်မှုများ စသည်တို့ကို စုံလင်စေ့ငစွာ ဖော်ကျူးထားသည်ကို ရသမြောက်စွာ ဖတ်ရှုခံစားနိုင်ကြမည်ဖြစ်ပါသည်။

စာအုပ်မှာယူလိုပါက-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 455 333 407 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

 

စာစီလို့မမီ ကမ္ဘာတည်မဲ့အလွမ်း (ကော့မူးရာကို သက်သေတည်သော်)
Total Views: 116 ,