
အမေ့အပြုံးနှင့် အဖေ့မျက်ရည်
စာအုပ်အမည်- အမေ့အပြုံးနှင့် အဖေ့မျက်ရည်
ရေးသူ- မြင်းမူမောင်နိုင်မိုး
ထုတ်ဝေသူ- မြဝတီစာပေတိုက်
ဆရာကြီးမြင်းမူမောင်နိုင်မိုးရေးသားသော “အမေ့အပြုံးနှင့် အဖေ့မျက်ရည်” စာအုပ်တွင် ‘လမ်းကလေး’ မှ ‘တဘက်စုတ်ကလေးပေးတဲ့အမေ’ အထိ ဆောင်းပါး အပုဒ် ၂၀ ပါဝင်ပါသည်။ ဤစာအုပ်တွင် အစားထိုး၍မရသည့် မိဘ၏ဂုဏ်၊ တန်ဖိုး၊ ကျေးဇူးတရားကို သိရှိခံစားရေးဖွဲ့ထားသည့် ဆောင်းပါးများဖြင့် တန်ဆာဆင်ထားပါသည်။
*****
‘ယနေ့ စာပေဟောပြောပွဲပြုလုပ်သော သိမ်တော်ကြီးဘုရားကိုရောက်တော့ အမေ့ကို သတိရလှစွာ၏။ ရှေ့အနည်းငယ်ဘက်များသွားလျှင် ရွှေစောလူးဘုရားစောင်းတန်းကိုရောက်ပြီ။ အဲဒီစောင်းတန်းသွားတဲ့လမ်းပေါ်ကနေပြီး အမေဈေးရောင်းတာကို ကျွန်တော် မကြာခဏစောင့်ကြည့်ခဲ့ဖူးသည်။ အမေ ဈေးရောင်းလို့ကောင်းရဲ့လားဆိုတာ သိရအောင်လေ။ အမေက လက်ဖက်သုပ်၊ ချင်းသုပ်ရောင်းတာဖြစ်သည်။ အမေ့လက်က ခရမ်းချဉ်သီးကို ကတ်ကြေးဖြင့်ညှပ်တဲ့အသံလေးက အလွန်ပဲနားထောင်၍ကောင်းလေသည်။’
(အမေထိုင်တဲ့တန်းလျားလေး… မှ)
*****
‘ကျွန်တော်သည် အမေ့နားကပ်လေးကို ဘုရားစင်မှာ အမြတ်တနိုးထားပါသည်။ ဘုရားကန်တော့တိုင်း အမေ့နားကပ်လေးကို ကန်တော့ရပါသည်။ ထိုနားကပ်လေးကို အိမ်ထောင်ဦးလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် အဖေ့ပုံရိပ်သည်လည်း ကျွန်တော့်အာရုံတွင် မြင်ယောင်ပါသည်။ ထိုအခါ အဖေနှင့်အမေ့ကို တစ်ချိန်တည်းမှာပင် အတူတူကန်တော့ပြီးဖြစ်ပါသည်။ မိမိမှာ ရည်မှန်းသလောက် ခရီးပေါက်မည်ဆိုလျှင်တော့ တစ်နေ့သောအခါတွင် ‘မိဘဂုဏ်ရည် မြတ်စေတီ’ ဟူ၍ စေတီလေးတစ်ဆူတော့ တည်ထားကိုးကွယ်ချင်ပါသေးသည်။’
(အမေ့နားကပ်လေး… မှ)
*****
‘အဖေဆိုတာ အမေနဲ့မတူဘူး၊ နှလုံးသားက ခက်ထန်တယ်၊ မာကျောတယ်၊ ဘယ်တော့မှ မျက်ရည်ကျမဲ့သူမဟုတ်ဘူး။ ဒီလိုပဲ ကျွန်တော်ထင်မြင်ခဲ့မိသည်မှာ ယခုတော့ ကျွန်တော့်အမြင်တွေ ပြောင်းလဲခဲ့ပါပြီ။ အဖေ့ဘဝကို စာနာမိသည်နှင့် အဖေ့သောကကို နားလည်နိုင်ခဲ့ပါပြီ။ မျိုသိပ်တတ်သော အဖေ။ ဆိုခဲပြောခဲလှသော အဖေ။ တကယ်တော့ လောကဓံကို ရင်ဆိုင်ပြီး သားတို့၊ သမီးတို့အတွက် အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ ထာဝရအားတင်းထားရလို့သာ အဖေ့မျက်နှာ မာကျောနေတာပါ။ အဖေမျက်ရည်ကျတာကို သားတို့၊ သမီးတို့ ဘယ်တော့မှ တွေ့ဖူးမှာမဟုတ်ပါဘူးဟု ကျွန်တော်ထင်ခဲ့သည်။ ယခုတော့ ကျွန်တော့်အမြင် မမှန်ဘူးဆိုတာ သိလာသည်။ တကယ်လို့များ အဖေ့မျက်ရည်တစ်စက် ကြွေသက်ခဲ့မယ်ဆိုရင် အဲဒီမျက်ရည်တစ်စက်ဟာ ပင်လယ်ထက်တောင် ကျယ်နိုင်မယ်ထင်ပါရဲ့လေ။’
(အဖေ့မျက်ရည်… မှ)
*****
စာအုပ်မှာယူလိုပါက-
ဖုန်း- 681 199 201, 09 257 378 495
Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။