
စက္ကူလေယာဉ်ပျံ ကလေးကဗျာများ
စာအုပ်အမည်- စက္ကူလေယာဉ်ပျံ ကလေးကဗျာများ
ရေးသူ- ပုလောစိုးနံ့သာ
စာရေးဆရာ ပုလောစိုးနံ့သာ၏ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆု (ကလေးစာပေ ပထမဆု) ရရှိသည့် “စက္ကူလေယာဉ်ပျံ ကလေးကဗျာများ” စာအုပ်ဖြစ်ပြီး စာအုပ်တွင် ‘ရွှေကျီးနဲ့ကုပ်ကျား’ မှ ‘စကားထာ(၂)’ အထိ ကဗျာပုဒ်ရေ ၇၀ ပါဝင်ပါသည်။ ဤစာအုပ်တွင် ကလေးများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ထက်မြက်လာစေရန်နှင့် ကလေးစာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် ရေးဖွဲ့သီကုံးထားခြင်းဖြစ်သည်။
*****
‘ဘင်္ဂါလီစာဆိုကဗျာဆရာကြီး ရာဘင်ဒြာနသ်တဂိုးဆိုတဲ့ ကဗျာကဝိကြီးက အိန္ဒိယမှာ စက္ကူလှေကလေးလုပ်ခဲ့တယ်။ မြန်မာကဗျာဆရာ ပုလောစိုးနံ့သာကလဲ မြန်မာပြည်မှာ စက္ကူလေယာဉ်ပျံကလေးတွေ လုပ်ထားတယ်။ ကလေးတွေကို လက်ဆောင်ပေးဖို့။
မင်းတို့ကလေးဆိုတာ အိုးပုတ်ချိုးရုပ်ကလေးတွေကို မင်တာ၊ ဖိုးဝရုပ်ကလေးတွေ သူငယ်ချင်းလုပ်၊ ပစ်တိုင်းထောင်ကလေးတွေနဲ့ ဟိုပစ် သည်ပေါက်၊ စက္ကူလေယာဉ်ပျံကလေးတွေ လေထဲဝဲနေအောင် လွှတ်တင်ကစားရတာကို သိပ်ပျော်တယ်မဟုတ်လား။
… လာကြဟေ့။ စက္ကူလေယာဉ်ပျံကလေးတွေနဲ့ ပျော်ပျော်ပါးပါးပေါ့ကွာ။ လွှတ်ကြ၊ ကစားကြကွ။ မင်းတို့ဦးဦး ကဗျာဆရာကတော့ လေယာဉ်ပျံတွေ အများကြီး လုပ်ပေးထားပြီ။ ‘စက္ကူလေယာဉ်ပျံ ကလေးကဗျာများ’ တဲ့။
မိဘများခင်ဗျာ…
ကလေးဟာ မိဘရဲ့ ရတနာပါ။ ကလေးရဲ့ ချစ်စရာအမူအရာလေးတွေ၊ မပီကလာ ပီကလာ အသံလေးတွေနဲ့ ကဗျာဆိုသံလေးတွေနဲ့ ကဗျာဆိုသံလေးတွေကြားရင် ဘယ်မိဘက မကြည်နူးဘဲနေပါ့မလဲ။
တွတ်တီးတွတ်တာ ပြောဟန်ဆိုဟန်လေးတွေ၊ ကလေးရဲ့ သီချင်းတွေနဲ့မြိုင်နေတဲ့အိမ်လောက် လောကမှာ သာယာတဲ့နေရာ ဘယ်မှာရှိပါ့မလဲ။
ကမ္ဘာကျော် ကဗျာစာဆိုကြီးတစ်ဦးက ဆိုထားတယ်။ ‘Home is the Sweetest Place on Earth’ တဲ့။
ဘာဖြစ်လို့လဲ သိလား။
ကလေးဆိုတာ အိမ့်ဆည်းလည်းရတနာ ရွှေချူလေးတွေမို့ပဲပေါ့။’
(မောင်ယဉ်မှူး(ရန်ကုန်တက္ကသိုလ်)၏ အမှာစာ… မှ)
*****
စက္ကူလေယာဉ်ပျံ
****************
စက္ကူရွက်ကို ဘယ်ညာခေါက်လို့
ကိုကိုတစ်ယောက် ဘာတွေကြံ။
ညီထွေးငယ်ငယ် လာမရှုပ်နဲ့
ကိုကိုလုပ်မဲ့ လေယာဉ်ပျံ။
လေယာဉ်ပျံဟာ ဘယ်လိုကြီးကွဲ့
လေဟုန်စီးတဲ့ ငှက်သဏ္ဌာန်။
စက္ကူလေယာဉ် တောင်ပံခတ်လို့
ကမ္ဘာပတ်ဖို့ ခေါ်နေဟန်။
ရိုက်ညီနောင်လို အံ့မခန်းပေါ့
ကိုကို့အစွမ်း တီထွင်ဉာဏ်။
သိပ္ပံပညာ ထူးချွန်ကဲဖို့
ညီထွေးလဲပဲ သင်ချင်ပြန်
အောင်ပန်းပန် အောင်ပန်းပန်။ ။
*****
စာအုပ်မှာယူလိုပါက-
ဖုန်း- 09 259 869 517, 09 683 676 860
Viber- 09 400 000 890 ကို ဆက်သွယ်မှာယူနိုင်ပါသည်။