06
Jul

ငွေတာရီကဗျာပန်းဥယျာဉ် (၈)

ငွေတာရီကဗျာပန်းဥယျာဉ် (၈)

ငွေတာရီကဗျာပန်းဥယျာဉ် ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ။ အခုလို မိုးအေးအေးလေးမှာ ငွေတာရီကဗျာပန်းဥယျာဉ်က ကဗျာသုံးသပ်ချက်များနှင့် အခြားကဗျာတွေကိုဖတ်ရှုရင်း စိတ်အပန်းပြေပါစေလို့ ဦးသစ္စာ ဆုတောင်းရပါသည်။ ဇူလိုင်လဟာ မိုးဖြိုင်ဖြိုင်ရွာတတ်ပြီး နှစ်ရှည်၊ နှစ်လတ်အပင်မျိုးတွေ စတင်စိုက်ပျိုးလို့ကောင်းတဲ့လလည်းဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ သံဃာတော်များ ဝါဆိုဝါကပ်မယ့်လလည်းဖြစ်တာမို့ ဘာသာရေးဆိုင်ရာ စသည်ဖြင့် သင့်ရာလျော်ရာ သုတ ၊ ရသကဗျာလေးများလည်း ရေးချင့်စဖွယ်ဖြစ်သည်ဟု ညွှန်းပါရစေ ။ ယခင်လက တျာချင်းကဗျာကို သေချာစွာရှင်းပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ တစ်လတွင်တစ်ခါ ကဗျာအမျိုးအစား တစ်ခုခုကိုသော်လည်းကောင်း၊ ကဗျာဖွဲ့ရာတွင် ရှောင်သင့်၊ ဆောင်သင့်သည့်အချက်များကိုသော်လည်းကောင်း ရှင်းပြပေးသွားဖို့ စဉ်းစားထားပါသည်။ ပထမဦးစွာ ကလောင်ရှင် “စမ်းစမ်း (မနောမြေ)” ပေးပို့လာသည့်အိုင်ချင်းကဗျာလေးတစ်ပုဒ်ကို တစ်ပိုဒ်ဖြုတ် ၊ တစ်ပိုဒ်အနည်း ငယ်ပြုပြင်ကာ သင့်လျော်သည့်လတွင် အဆင် ပြေသလိုသုံးဖို့ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းကောင်းလေးကိုပေးရပါသည် ။
     ယခုလတွင် အဦးဆုံးဖော်ပြပြုပြင်ပေးမည့် ကဗျာမှာ ကလောင်ရှင် အေးမင်းထက်(မုံရွာ)၏ “ထိုနေ့ကလေး” ဟူသည့် ရင်ခုန်နွမ်းလျလွမ်းကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။ လေးချိုးလတ်တစ်ပုဒ်ပါသေးသော်လည်း ဒုတိယအအုပ်ပိုဒ် (နောက်ဆုံးပိုဒ်၊ အချပိုဒ်)တွင် ကာရန်ယူပုံအနည်းငယ်လွဲနေပေသေးသည်။ လေးချိုး၊ လေးဆစ်ဆိုင်ရာသုံးသပ်ချက်များကို ယခင်အပိုင်းများတွင်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါသည် ။ ယခုကဗျာမှာ တစ်ဖက်သတ်ချစ်နေရသူမိန်းကလေးကို ရည်ညွှန်းရေးဖွဲ့ထားဟန်ရှိပါသည်။ မူရင်းအတိုင်း ဖတ်ရှုကြည့်ကြပါစို့။
ချစ်ခြင်းအစ ၊ မျက်ဝန်းကလို့
ရှေးကအဆို ရှိလေသည်။
သူနဲ့တွေ့စ၊ တဒင်္ဂမှာ
ရင်ကစကား၊ ရင်ကကြားစေ
သူကြားစေပေါ့
ကြားနေသိညွှန်း၊ ကိုယ့်မျက်ဝန်းမှာ
လဝန်းသော်တာ ဖြစ်နေထင့် ။
သူ့မျက်ဝန်းပေါ်၊ ကိုယ့်ပုံဖော်မိ
ကိုယ့်မျက်ဝန်းပေါ်၊ သူ့ပုံပေါ်မလား
အကြည့်များဆုံ၊ ရင်တွေခုန်မိ။
အသိများဆုံ၊ ရင်တွေတုန်၏။
ထိုနေ့ကလေး ၊ မမေ့သေးတော့
မဝေးထိုဆီ၊ အတွေးကိုယ်စီ
ရှိနေမည်လား
စဉ်းစားပုံရိပ် ၊ ဆောင်းအတိတ်မှာ
တိတ်တိတ်ကျန်ရစ်
အလွမ်းဖြစ်စေ၊ လွမ်းသက်သေထား
ခရေသိစေ။
မေသိစေတော့ ရှိစေတော့။  ။
      ပထမပိုဒ်မှာပင် အရေးဟန်နှင့်အပြောဟန် နှစ်ခုရောနေသည်ကိုတွေ့ရပါမည် ။ မျက်ဝန်းကလို့သည် အပြောဟန်ဖြစ်ပြီး ရှေးကအဆိုရှိလေသည်မှာ အရေးဟန်ဖြစ်သည်။ မသိမသာမဟုတ်ဘဲ သိသိသာသာဖြစ်နေသဖြင့် တစ်ဖက်သတ်ချစ်ရသူကို အဝေးက၊ ရင်ထဲက ပြောနေဟန်ဖွဲ့ဆိုလျှင် ရသပို၍ပါမည်ကိုတွေးမိပါသည် ။ သို့ဖြစ်၍ မျက်ဝန်းကတဲ့ဟု ပြောင်း၍ နောက်တစ်ပါဒကိုလည်း ကနှစ်လုံးလည်းမထပ်၊ သူ့မူလအဓိပ္ပာယ်လေးလည်းမပျက်အောင် ဆိုကြစဉ်ဆက်ရှိခဲ့ပြီဟု ပြင်ပေးလိုက်ပါသည်။
     ဒုတိယအပိုဒ်လေးမှာ သူ့ရင်ထဲကစကားများ သူ့ချစ်ရသူကြားစေဖို့ရည်ညွှန်းပြီး ကဗျာရှင်၏ မျက်ဝန်းသည်လည်း ငွေလသော်တာကဲ့သို့ အရောင်တဖိတ်ဖိတ်ရွှန်းလက်နေပြီထင်ရကြောင်း ရေးဖွဲ့ထားလေသည်။ မူလ ကိုယ့်မျက်ဝန်းမှာကို ကိုယ့်မျက်ဝန်းလည်းဟုပြင်လိုက်မှ ဆိုခဲ့သည့်အဓိပ္ပာယ်လည်း ပိုမိုထင်ရှားလာလေသည်။ ထို့အပြင် ကိုယ့်မျက်ဝန်းမှာနှင့် လဝန်းသော်တာတို့မှ ဝန်းနှစ်ခုကပ်လျက်ထပ်နေသဖြင့် လဝန်းသော်တာအစား ရွှန်းလက်သော်တာဟု ပြင်လိုက်ရပေသည်။ လနှင့်သော်တာ အဓိပ္ပာယ်တူနေမှုကိုလည်း ရှောင်ပြီးသားဖြစ်သွားပေသည်။
      နောက်တစ်ပိုဒ်ကိုဆက်ပါမည်။ သူ့မျက်ဝန်းပေါ်၊ ကိုယ့်ပုံဖော်မိအစား ပိုအားကောင်းသည့် ကိုယ့်ပုံဖော်လို့ဟု ပြင်ပေးလိုက်ပါသည် ။ ဆက် ၍ ကိုယ့်မျက်ဝန်းပေါ်တွင်လည်း သူ့ပုံပေါ်မလားဆိုသည်ထက် သူ့ပုံဖော်ထားဆိုသည်က ရှေ့ နောက်လိုက်ဖက်ကာ အဓိပ္ပာယ်သွားလည်း ပိုကောင်းလာသည်ကိုတွေ့မြင်နိုင်ပါသည် ။ သို့မှ အကြည့်နှင့် အသိဆုံကာ ရင်ခုန်ရင်တုန်မိရသည်နှင့်လည်း ပိုမိုလိုက်ဖက်ပေလိမ့်မည်။
     နောက်ဆုံးပိုဒ်သည် ကဗျာတစ်ပုဒ်တွင် အလွန်အရေးကြီးသည် ။ အရှေ့ပိုင်းက အစပျိုးနိဒါန်းတည်၊ အလယ်တွင် ဇာတ်ရှိန်မြှင့်ခဲ့သည်များကို မိမိပေးလိုသည့်စိတ်ခံစားမှုမျိုး ကဗျာရှုသူ ရသည်အထိ အမြင့်ဆုံးဆွဲတင်ပေးဖို့လိုအပ်သည်။ သို့ဖြစ်၍ အားပျော့နေသောစကားလုံး “ရှိနေမည်လား”ကို “ရှိနေသည်များ”ဟုလည်းကောင်း၊ “စဉ်းစားပုံရိပ်” ကို “ထင်ရှားပုံရိပ်”ဟုလည်းကောင်း ပြင်လိုက်ပါသည်။ ထို့အပြင် နှစ်ထပ်ကျော့ထားသော်လည်း ကဗျာ၏ရသအရှိန်ကို မမြှင့်နိုင်သည့် “အလွမ်းဖြစ်စေ ၊ လွမ်းသက်သေထား”ကို “ကျွမ်းနစ်ခက်ဝေ၊ လွမ်းသက်သေကို”ဟု ပြင်ကြည့်ပါ။ လွမ်းနှစ်လုံးမထပ်တော့သည့်အပြင် အသည်းကျွမ်းကာ စူးစူးနစ်နစ်ဖြစ် အခက်အခဲများပါ ဝေနေရသည်ဟု အဓိပ္ပာယ်သို့ရောက်ကာ ကဗျာလည်းလှလာပေသည်။ စဉ်းစားရန်ရှိသည်မှာ လွမ်းသက်သေထားမှ အေကာရန်ကိုဆက်ယူလျှင် ထားဟူသော ကွဲပြားသည့်စကားလုံးကို မသုံးဘဲ “ထား”နေရာတွင် “ကို”ဟု ပြင်ကြည့်လိုက်ပါ။ ရွတ်ဆိုရပိုကောင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ စာရှုသူတချို့က တစ်ခုတော့ဆိုကောင်းဆိုပေလိမ့်မည်။ ဆောင်းအတိတ်မှာနှင့် တိတ်တိတ်ကျန်ရစ်မှ တိတ်တွေ ထပ်မနေဘူးလားဟူ၍ဖြစ်သည်။ အဆိုပါတိတ်များသည် အဓိပ္ပာယ်မတူကြသဖြင့် ဒေါသမသင့်၊ အပြစ်လွတ်ကာ ကဗျာရသကိုလည်း မထိခိုက်ပေ။ ဤမျှဆိုလျှင် ကလောင်ရှင် “အေးမင်းထက်(မုံရွာ)”၏ “ထိုနေ့ကလေးကဗျာ”ပိုမိုကောင်းမွန်ကြွရွလာသည်ကို အောက်ပါအတိုင်းတွေ့ရပါလိမ့်မည်။
ချစ်ခြင်းအစ၊ မျက်ဝန်းကတဲ့
ဆိုကြစဉ်ဆက် ရှိခဲ့ပြီ ။
သူနဲ့တွေ့စ၊ တဒင်္ဂမှာ
ရင်ကစကား၊ ရင်ကကြားစေ
သူကြားစေပေါ့
ကြားနေသိညွှန်း၊ ကိုယ့်မျက်ဝန်းလည်း
ရွှန်းလက်သော်တာ ဖြစ်နေထင့်။
သူ့မျက်ဝန်းပေါ်၊ ကိုယ့်ပုံဖော်လို့
ကိုယ့်မျက်ဝန်းပေါ်၊ သူ့ပုံဖော်ထား
အကြည့်များဆုံ၊ ရင်တွေခုန်မိ။
အသိများဆုံ၊ ရင်တွေတုန်၏။
ထိုနေ့ကလေး ၊ မမေ့သေးတော့
မဝေးထိုဆီ၊ အတွေးကိုယ်စီ
ရှိနေသည်များ
ထင်ရှားပုံရိပ်၊ ဆောင်းအတိတ်မှာ
တိတ်တိတ်ကျန်ရစ်
ကျွမ်းနစ်ခက်ဝေ၊ လွမ်းသက်သေကို
ခရေသိစေ
မေသိစေတော့ ရှိစေတော့။ ။
       ယခု ဆက်လက်ဝေဖန်အကြံပြုရန်ရွေးထားသောကဗျာမှာ အတန်ငယ်ရှည်လျားသဖြင့် ထိုအထဲမှ အပိုဒ်အနည်းငယ်သာ ထုတ်နုတ်ဖော်ပြမည်ဖြစ်ပါသည်။ ထူးဆန်းသည်ဟုဆိုရပါမည် ။ ကလောင်ရှင် “ကြည်ဆွေသန်း (ယင်းမာပင်)၏ ဇွဲကောင်းမှုကြောင့်ဟုလည်း ဆိုရပါမည်။ တစ်ခုအကြံပြုလိုသည်မှာ ကဗျာရေးဖွဲ့ရာတွင် အလွန်ရှည်လျားစေဘဲ တိုတိုနှင့်ထိထိမိမိသာ ရေးဖွဲ့စေလိုပါသည်။ ခေတ်အလိုအရ ရှည်လျားလျှင်ဖတ်မိ၊ ဖတ်ဖြစ်ဖို့ခက်နိုင်၍ ဖြစ်ပေသည် ။ တစ်ဆက်တည်းပြောလိုသည်မှာ ကဗျာရေးဖွဲ့ရာတွင် ကဗျာအကြောင်းအရာများသည် ဆန်းသစ်ဖွယ်သိပ်မရှိလှ၍ တင်ပြပုံဆန်းသစ်ဖို့၊ ဒုတိယနေရာ၊ တတိယနေရာနှင့် ဆန့်ကျင်ဘက်နေရာတို့မှ ရှုမြင်ရေးဖွဲ့ဖို့လိုနေပြီဖြစ်သည် ။ သို့မှသာ မြန်မာကဗျာတွင် ကဗျာဆရာမျိုးဆက်သစ်များက ကဗျာအသစ်များရေးဖွဲ့ရာရောက်ပေလိမ့်မည် ။
      ကဗျာအကြောင်းဆက်၍ဆိုရပါလျှင် “ရွှေယင်းမာ၏မြို့ဈေး”ဟူသည့်ကဗျာသည် သံပေါက်ကဗျာအမျိုးအစားဖြစ်ပါသည်။ အစလေးလုံး၊ အလယ်သုံး၊ အဆုံးငါး ခုနှစ်ဟူသော သံပေါက်ကဗျာက ညွှန်းဆိုသည့်အတိုင်း ရေးဖွဲ့ရခြင်းဖြစ်သည်။ အပိုဒ်အဆုံးချသံများတူရပြီး အနည်းဆုံး သုံးပိုဒ်လောက်အထိတူလျှင် ပိုကောင်းပါသည်။ ယခုအကြောင်းအရာနှင့် ယခုဖွဲ့နည်းသည် သိပ်မလိုက်ဖက်လှဟုဆိုချင်ပါသည်။ ကဗျာတစ်ပုဒ်လုံးမှ လေးပိုဒ်ကိုဖော်ပြ၍ သဘောပေါက်အောင် ပြုပြင်ပေးလိုက်ပါသည်။
ဆောင်းနံနက်ခင်း၊ အရုဏ်ကျင်း
ဈေးခင်းဖို့ရယ် ပြင်ကြတယ်။
သခွားဖရုံ၊ ဘူးအစုံ
သီးစုံပေါများ ကြွယ်လှတယ်။
ကြက်သားဝက်သား၊ ဆိတ်ပေါများ
ယမားငါးလည်း စုံလှတယ်။
ဘုရားပန်းမြိုင်၊ ရောင်းကြလှိုင်
မြိုင်ဆိုင်ဝေလို့ တင့်လှတယ်။
      ပထမပိုဒ်မှ ဈေးခင်းဖို့ရယ်သည် တကယ်တမ်းတွင် အားပျော့နေပြီး တမင်တကာဖြည့်စွက်ရေးဖွဲ့ရသကဲ့သို့ ဖြစ်နေသည်ကို တွေ့နိုင်ပါလိမ့် မည်။  သို့ဖြစ်၍ ဈေးခင်းနိုင်ဖို့ဟု ပြင်ပေးလိုက်ပါသည်။ ပို၍ တိတိကျကျညွှန်းဆိုရေးဖွဲ့မှုဖြစ် လာသည်ကိုတွေ့ရပါမည် ။ ဒုတိယအပိုဒ်မှ ဘူးအစုံနှင့် သီးစုံတွင် စုံနှစ်ခုထပ်နေသဖြင့် အဓိပ္ပာယ်တူစာလုံးများမထပ်အောင် စာသားများ ရှေ့နောက်ယူပြောင်းလဲဖွဲ့ပြလိုက်ပါသည်။ တတိယပိုဒ်မှ ကြက်သားဝက်သားနောက်တွင် ဆိတ်ပေါများဟုဆက်လိုက်သဖြင့် ဆိတ်သားဟုသိနေရသည့်တိုင် ဆိတ်အကောင်လိုက် အရှင်တွေလားဟုထင်မှားဖွယ်ရှိပါသည် ။ ကဗျာတွင် ဆန့်ကျင်ဘက်အနက်၊ သို့မဟုတ် မသက်ဆိုင်သောအနက်ပါထွက်နေလျှင် ထိုစကားလုံးကို ထိုနေရာ၌ထား၍ဖွဲ့ခြင်းသည် ဒေါသသင့်သဖြင့် မဖွဲ့အပ်ပေ ။ ဒုတိယအပိုဒ်ကဲ့သို့ပင် ရှေ့နောက်လှည့်ပြောင်း၍ မူလစာသားနှင့် အဓိပ္ပာယ်မပျက်ပြုပြင်ပေးထားပါသည်။ စတုတ္ထပိုဒ်တွင် ဘုရားပန်းမြိုင်နှင့် မြိုင်ဆိုင်ဝေလို့တွင် မြိုင်နှစ်လုံးထပ်နေပြီး အဓိပ္ပာယ်လည်းတူနေသဖြင့် ရှေ့နောက်စကားလုံးများ လဲလှယ်နေရာချကာ ပြင်ပေး လိုက်ပါသည်။ ဆိုစရာရှိသည်မှာ ဘုရားပန်းလှိုင်လှိုင်သည် ငါးလုံးဖြစ်မနေဘူးလားဟူ ၍ဖြစ်သည်။ တကယ်ဆိုကြည့်လျှင် ဘုရားသည် အသံ တစ်သံခွဲ (တစ်သံနှင့် တစ်ဝက်)သာရှိသဖြင့် ဆိုလိုက်သည့်အခါ အသံလေးသံကဲ့သို့ဆိုနိုင်သဖြင့် ဤကဲ့သို့ ရေးကြလေ့ရှိကြောင်း ပြောလိုပါသည်။ ပြုပြင်ပြီး ကဗျာလေးကို ဖတ်ရှုကြည့်ပါစို့။
 ဆောင်းနံနက်ခင်း၊ အရုဏ်ကျင်း
 ဈေးခင်းနိုင်ဖို့ ပြင်ကြတယ်။
 သခွားဖရုံ၊ ဘူးပါစုံ
  ဖုံဖုံပေါများကြွယ်လှတယ်။
  ကြက်သားဝက်သား၊ ယမားငါး
  ဆိတ်သားပါဝင် ပေါလှတယ်။
  ဘုရားပန်းလှိုင်လှိုင်၊ ရောင်းကြမြိုင်
  ပြိုင်ဆိုင်သည်သို့ ထင်ရဖွယ်။
  ယခုလတွင် လေးလုံးစပ်ကဗျာနှင့် သံပေါက်ကဗျာဖွဲ့နည်းကဗျာများကို သုံးသပ်ဝေဖန် ပြုပြင်ပေးလိုက်ပါသည်။ ကာယကံရှင်များသာမက လေ့လာသူများပါ စကားလုံးမထပ်၊ ကဗျာဆန် နုနွဲ့ပြေပြစ်အောင် မည်သို့ဖွဲ့ရသည်၊ မည်သို့လှည့်ပြောင်းယူရသည်ကို လေ့လာမှတ်သားစေလိုပါသည်။ ဤကဏ္ဍသို့ ကဗျာစာမူပေးပို့ကြသော စမ်းစမ်း(မနောမြေ)၊ ဝေမွန်ကို၊ သဲစုမွန်၊ နေမင်းခန့်(မိကျောင်းတွင်း)၊ ပင့်ကူအိမ်(ဆားလင်းကြီး)၊လွင်စန်းမောင်(ပိုးစာကုန်း)၊ မောင်ခန့်(မြန်မာစာ)၊ နေနီ၊ စာကလေး၊ လမင်းလေး(အညာမြေစလင်း)၊ လေးအောင် (ရွာသာကုန်း)၊ ရှင်စောဦး၊ လွင်မင်း (မြန်မာအောင်)၊ဖြူလေး(လယ်ဝေး)၊ သာသာ(ဓာတု) တို့၏ ကဗျာများဖတ်ရှုရပါသည်။ အချို့လေးငါးပုဒ်ပေးပို့သည်လည်းရှိပါသည်။ မြန်မာကဗျာများ နှစ်သက်စွာ ရေးဖွဲ့နေ သူများအားလုံးကို ဂုဏ်ယူစွာ ကြိုဆိုနေပါကြောင်း။  ။

                                                       ဦးသစ္စာ