01
Aug

ငွေတာရီကဗျာပန်းဥယျာဉ် (၉)

ငွေတာရီကဗျာပန်းဥယျာဉ် (၉)

ငွေတာရီကဗျာပန်းဥယျာဉ်ကို စောင့်စားနေကြသူများအတွက် ယခုလတွင် အမေးအဖြေများကို ပြန်လည်ဖြေကြားရှင်းလင်းသွားရန် ရည်ရွယ်ထားပါသည်။  ကလောင်ရှင်အချို့က အမေးအဖြေတွင် ကလောင်အမည်များကို မဖော်ပြစေလိုကြပါ။ အချို့ကမူ မည်သည့်မှတ်ချက်မျှမပါ။  သို့ဖြစ်၍  မည်သည့်ကလောင်အမည်မျှမဖော်ပြတော့ဘဲ  မေးသောအကြောင်းအရာနှင့် ဦးသစ္စာ၏အဖြေများသာ ဖော်ပြသွားပါမည်။ အမေးအဖြေများမှာ အနည်းငယ်နည်းနေသဖြင့် ယခုလတွင်မှ စုစည်းဖော်ပြရပါသည်။

ပထမဆုံးအမေးမှာ တြိချိုးဆိုင်ရာများဖြစ်ပါသည်။ တစ်ဦးက တြိချိုးကဗျာသည် တကယ်တမ်းတွင်မရှိဟု ဆရာကြီးတစ်ဦးကပြောဖူးကြောင်းနှင့် အဖြစ်မှန်ကိုသိလိုကြောင်း မေးမြန်းထားပြီး တစ်ဦးကမူ တြိချိုးကဗျာဟူသည် ဒွေးချိုးကဗျာရေးတတ်လျှင် အပေါ်က တစ်ပိုဒ်ဆက်လိုက်ရုံသာဖြစ်သည်ဟု ဖတ်ဖူးကြောင်းနှင့် ဆရာကြီးတစ်ဦးကမူ လေးဆစ်၊ လေးချိုးရေးတတ်မှသာ တြိချိုးကဗျာရေးတတ်သည်ဟုဆိုသဖြင့် အမှန်သိရန် ရှင်းလင်းဖြေကြားပေးစေလိုပါကြောင်း မေးမြန်းထားသည်များကို ရှင်းလင်းဖြေကြားပါမည်။

ပထမမေးခွန်း၏အဖြေကိုဖြေရပါလျှင်  ပုဂံဝန်ထောက်မင်းဦးတင်ပြုစုခဲ့သည့် “ကဗျာဗန္ဓသာရကျမ်း”ပါဖော်ပြချက်ကို ကောက်နုတ်ဖော်ပြရပါမည်။ ယင်းကျမ်း၏ စာမျက်နှာ ၅၂၃ မှ  ၅၂၇တွင် ရှင်းလင်းထားသည့်အတိုင်း အနှစ်ချုပ်ဖော်ပြသွားပါမည်။

“အချို့ဆရာတို့က တြိချိုးဟူ၍အမည်ပေးသော ကဗျာများလည်း သီးခြားရေးသားဖော်ပြ၍ တွေ့ရသေးသည်။ သို့ရာတွင် တြိချိုးခေါ်သောစာများတို့ အပိုင်း အဆစ်၊ အစိတ်အချိုး စိစိစစ်စစ်ကြည့်လျှင် တြိချိုးဟူ၍ စံယူလောက်အောင် ရှာဖွေ၍မတွေ့သေးပေ၊ … သို့ရာတွင် တြိချိုးရှိသည်ဟူ၍ ယူလိုသူတို့ အယူအဆအရ ကာလဒေသသဘာဝကွဲကြမြဲအချက်ကို ကန့်ကွက်ရန်မရှိပါ”ဟု ကဗျာဗန္ဓသာရကျမ်းတွင် ဖော်ပြထားချက်ဖြစ်ပါသည်။ ယင်းတွင် မြန်မာသက္ကရာဇ် ၁ဝ၆ဝ ပြည့်မှစ၍ ခေတ်အဆက်ဆက် ယောကျ်ားစာဆို၊ မိန်းမစာဆို၊ ရဟန်းစာဆိုအသီးသီးတို့၏ကဗျာများတွင် တြိချိုးဟူ၍ မတွေ့ဖူးကြောင်း ပုဂံဝန်ထောက်မင်းဦးတင်က ဖော်ပြထားသည်။

ထိုမျှမကသေး၊  ၎င်းကြားဖူးခဲ့သည်များကိုပင် ဥပမာအဖြစ်ဖော်ပြခဲ့ပေသေးသည်။ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကြီး ရွေဘို၌ခေတ္တစံနေစဉ် ပိ‌တောဆယ်ရွာက (ကြိုးသီချင်းကို မိန်းမဟန်ချင်းလုပ်၍) တင်ဆက်မည့် မိန်းမဟန်ချင်း၏သီချင်းအသွားတွင် သုံးပိုဒ်စီထားရှိ၍ တြိချိုးဟုခေါ်ဆိုလိုလျှင် ခေါ်ဆိုနိုင်ပါကြောင်း နန်းဦးမိဖုရားကလျှောက်ထားရာ မင်းကြီးက “ဟယ်…တြိချိုးဟူသောသီချင်း နန်းတွင်းနန်းပြင် ငယ်စဉ်အခါကအစပြု၍   ယခုတိုင်ငါမတွေ့ဖူးဘူး၊ မကြားဖူးဘူး”ဟူ၍ မိန့်ကြားခဲ့ကြောင်း ဖော်ပြခဲ့ပေရာ ရတနာပုံခေတ်အထိ တြိချိုးဟူ၍မရှိသေးဟု မှတ်သားရမည်ဖြစ်ပေသည်။

သို့ရာတွင် ပုဂံဝန်ထောက်မင်းဦးတင်ကိုယ်တိုင်ကပင် တြိချိုးရှိသည်ဆိုသည်ကို မကန့်ကွက်ကြောင်း ဖော်ပြထားရာ ကျွန်ုပ်တို့သည်

လည်း တြိချိုးမရှိဟူ၍ ဆိုနိုင်ဖွယ်မရှိကြောင်း မေးခွန်းရှင်အနေဖြင့် သဘောပေါက်လိမ့်မည်ဟုထင်မိပါသည်။ ဤမျှဆိုလျှင် ပထမမေးခွန်းပြည့်စုံပြီဖြစ်ပါသည်။

တြိချိုးနှင့်ပတ်သက်သည့် ဒုတိယအမေးကိုရှင်းလင်းတင်ပြပါမည်။ ဒုတိယအမေးမှာ ဒွေးချိုးကဗျာရေးတတ်လျှင် အပေါ်ကတစ်ပိုဒ်ဆက်လိုက်ရုံဖြင့် တြိချိုးရေးတတ်ပြီဆိုခြင်းကို မေးမြန်းထားသည်။ သာမန်အားဖြင့်ကြည့်လျှင် ဒွေးချိုးကို အပေါ်ကတစ်ပိုဒ်ဆက်လိုက်ရုံဖြင့် တြိချိုးရပြီဆိုသည်မှာမှန်သလိုလိုရှိသည်။ သို့ရာတွင် အပေါ်ကဆက်သည့်တစ်ပိုဒ်မှာလေးဆစ်၊ လေးချိုး၏ ပထမပိုဒ်(ပထမအခံပိုဒ်)နှင့် ဒုတိယပိုဒ် (ပထမအအုပ်ပိုဒ်)တို့၏ လုပ်ငန်းစဉ်အားလုံးပါရှိနေသည်။ ရှင်းလင်းအောင်ဆိုရလျှင် လေးဆစ်၊ လေးချိုး၏ ပထမပိုဒ်နှင့်ဒုတိယပိုဒ်တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထို့ထက်ပိုရှင်းအောင်ဆိုရလျှင် လေးဆစ်၊ လေးချိုး၏ ပထမပိုဒ်တွင် ဒုတိယပိုဒ်ကို တစ်ကြောင်းတည်းဖြင့်  လိုက်ကပ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဒုတိယမေးခွန်းရှင်၏အမေးတွင် ဆရာကြီးတစ်ဦးက လေးဆစ်၊ လေးချိုးရေးတတ်မှသာ တြိချိုးကဗျာရေးတတ်သည်ဟု ဆိုခြင်းကို မှန်မမှန်မေးထားခြင်းဖြစ်ပေသည်။ တကယ်တမ်းတွင်လည်း ကဗျာကို လေးလုံးစပ်လင်္ကာတစ်မျိုးတည်းလောက်သာရေးတတ်ပြီး အချိုး၊ အချင်းကဗျာများမရေးတတ်သေးပါက ဒွေးချိုးကို တြိချိုးဖြစ်အောင် စနစ်ကျမှန်ကန်သည့် အပေါ်တစ်ပိုဒ်ဆက်တတ်မည်မဟုတ်ပေ။

သို့ဖြစ်၍ မေးခွန်း၏အဖြေကိုချုပ်ရပါလျှင် လေးဆစ်၊ လေးချိုးမှန်မှန်ကန်ကန်ရေးတတ်မှသာ ဒွေးချိုးတွင် မှန်ကန်သည့်အပေါ်တစ်ပိုဒ်ဆက်တတ်မည်ဖြစ်ပြီး လေးဆစ်၊ လေးချိုးရေးတတ်မှသာ တြိချိုး ရေးတတ်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားလိုက်ရပါသည်။ ငွေတာရီကဗျာပန်းဥယျာဉ်ချစ်သူများ မှန်ကန်လှပသောတြိချိုးကဗျာများ ဖွဲ့သီနိုင်ပါစေ။

နောက်မေးခွန်းတစ်ခုမှာလည်း လေးဆစ်၊ လေးချိုးများနှင့်စပ်ဆိုင်ပေသည်။ မေးသူမှာလည်း နှစ်ဦးဖြစ်ပြီး မေးခွန်းနှစ်ခုဖြစ်သည်။ ပထမမေးခွန်းမှာ လေးဆစ်၊ လေးချိုးတွင် တစ်ပါဒ၊ တစ်ကြောင်းတည်းဖြင့် တစ်ပိုဒ်ဖြစ်ပါသလားဟူ၍ဖြစ်ပြီး ဒုတိယမေးခွန်းမှာ လေးဆစ်၊ လေးချိုးများ၏ နောက်ဆုံးပိုဒ်တွင် အချအသံ (ကဗျာ၏ နောက်ဆုံးပါဒ၊ နောက်ဆုံးအသံ)ကို ယင်းမတိုင်မီ ပါဒ၏နောက်ဆုံးကာရန် (နောက်ဆုံးအသံ)ဖြင့် ယူ၍ရပါသလား ဖြစ်ပါသည်။

ပထမမေးခွန်းမှာ  အလွန်ရိုးရှင်းသော်လည်း တန်ဖိုးရှိပါသည်။ ရှေးရေး “လှည်းယဉ်”ကဗျာလေးကို ဆိုကြည့်လိုက်ပါ။ ‘‘ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”သည် အဆိုပါလေးဆစ်ကဗျာလေး၏ ပထမပိုဒ်ဖြစ်ပြီး တစ်ပါဒတည်း၊ တစ်ကြောင်းတည်းသာရှိသည်ကို တွေ့နိုင်ပါလိမ့်မည်။ အထက်တွင်တင်ပြခဲ့သည့် တြိချိုးအကြောင်းဖတ်ပြီးဖြစ်၍ နှိုင်းယှဉ်ကြည့်နိုင်ရန်ဖော်ပြပါဦးမည်။ နန်းမတော်မမြလေး၏  အမျှော်စိုက် လေးဆစ်သဖြန်ဖြစ်ပြီး ဒုတိယပိုဒ်ကို တစ်ပါဒတည်း တွေ့ရပါလိမ့်မည်။ ကဗျာသင်္ဂဟမေဒနီကျမ်းစာမျက်နှာ ၂၆ဝ တွင် ဖော်ပြထားချက်ဖြစ်ပါသည်။

ကြာချည်ရန်

နာရီပြန် ပဟိုရ်ညိတ်ပါပေါ့

မှေးမှိတ်၍ စက်ပါသော်။

ရေးမျှမပျော်။

လာနိုးရယ်မျှော်

ကြာမော်မြင့် ဆောင်ထီး။

ရွေဘောတော် တဉာဏ်ပွေလို့

မလာနေ တာရှည်လှတာကြောင့်

တွေးရခက်ကြီး။

ဤလေးဆစ်သဖြန်ကိုပင် မူကွဲများအဖြစ် ကဗျာဗန္ဓသာရကျမ်းပြုသူ ဦးတင်တွေ့ရှိသည့် ပေမူ၊ ပုရပိုက်မူတွင် ကဗျာအမျိုးအစားကို လေးဆစ်ချိုးဟုဖော်ပြပြီး ဒုတိယပိုဒ်မှာလည်း တစ်ပါဒတည်းမဟုတ်ပေ။ စာသားများလည်းအနည်းငယ်ကွဲသည်။ ထို့အပြင် ဤကဗျာကိုပင် မြန်မာစာညွန့်ပေါင်းကျမ်းအတွဲ(၂)တွင် မောင်ဘွဲ့သုံးဆစ်သဖြန်ဟုတွေ့ရပြန်သည်။ ဤသည်တို့မှာ မူကွဲအဖြစ် ဆက်စပ်တင်ပြခြင်းဖြစ်ပါသည်။ အမေးအဖြေတို့နှင့် တိုက်ရိုက်မဆိုင်သဖြင့် အကျဉ်းသာဖော်ပြရပါသည်။ တင်ပြလိုရင်းမှာ တစ်ကြောင်းတည်း၊ တစ်ပါဒတည်းဖြင့် တစ်ပိုဒ်အဖြစ်ရေး၍ရကြောင်း၊ ရေးခဲ့ကြကြောင်းများကို ထင်ရှားစေလိုရင်းဖြစ်ပါသည်။ ပိုမိုထင်ရှားစေရန် ရှေးရေးလည်းဆို၊ ဆရာတော်ဦးဗုဓ်ရေးသည်လည်းဆိုသော လေးဆစ်ကဗျာ “လောင်းညိုကလူး”ကို အောက်တွင်ရှုကြည့်ပါ။

တက်ပြင်တဲ့ ရွက်ပြင်။

ရွေပြုန်းဆို ရွာအနောက်က

ချောင်းပေါက်ကိုဝင်။

မိုးသက်ကယ် လေဆင်

ပြန်ခင်မယ်ထင်ဘူး။

ပျိုတို့မောင် တစ်ကိုယ်ထူး

လောင်းညိုကလူး။

 ဤတွင် ပထမဆုံးအပိုဒ်ကို တစ်ပါဒတည်း၊ တစ်ကြောင်းတည်းသာတွေ့ရပါမည်။ ကဗျာဝါသနာရှင် များအတွက်အကျိုးများသဖြင့် မေးခွန်းရှင်များကို ကျေးဇူးတင်မိပါသည်။

ဒုတိယမေးခွန်း၏ဆိုလိုရင်းမှာ လေးဆစ်၊ လေးချိုးတို့၏ နောက်ဆုံးပိုဒ် နောက်ဆုံးပါဒ (အချပါဒ) ကနောက်ဆုံးအချသံသည် ယင်းအပိုဒ်၏ ဒုတိယနောက်ဆုံးပါဒ၏ နောက်ဆုံးအသံနှင့်တူ၍ရ၊ မရ မေးထားခြင်းဖြစ်သည်ကို တွေ့ရပါသည်။ သာမန်အားဖြင့် အများစုသောကဗျာဆရာများရေးကြသည်မှာ လက်ဆောင်ကဗျာမှ (ငယ်ချစ်မောင် ရွေဝသွားကို၊ ပါးလိုက်ကဲ့လေး)နှင့် လှည်းယဉ်ကဗျာမှ (ဆူဝေအောင် ချူတွေဆွဲလို့ရယ်၊ လှည်းယဉ်နဲ့မောင်း) လေးဆစ်အချဟန်များဖြင့်သာရေးကြပါသည်။ လေးဆစ်၊ လေးချိုးကဗျာရေးဖွဲ့နည်းစနစ်နှင့်လည်း ကိုက်ညီသည်ကိုတွေ့ရမည်ဖြစ်ပါသည်။ သွားကို ပါးနှင့်လည်းကောင်း၊ ဆွဲကို လှည်းနှင့်လည်းကောင်း ကာရန်ချိတ်ဆက်ထားမှုစနစ်ကို သင်္ကေတဖြင့်ဖော်ပြရလျှင် ဤသို့တွေ့ရပါမည်။

ငယ်ချစ်မောင်  ရွေဝသွားကို

– – – – – + –

ပါးလိုက်ကဲ့လေး။

+ – – –

မေးခွန်းရှင်၏အမေးကို ဆရာဇော်ဂျီ၏ ဗေဒါ လမ်းအချိုးတွဲကဗျာ၏ နောက်ဆုံးလေးဆစ်ကဗျာမှ ထုတ်နုတ်တင်ပြပါမည်။

ဗေဒါပျံ အံကိုခဲ

ပန်းပန်လျက်ပဲဟုဖြစ်ပါသည်။

ဤတွင် အမေးတွင်ပါသည့် ဒုတိယနောက်ဆုံးပါဒ၏ နောက်ဆုံးအသံမှာ ခဲဖြစ်ပြီး ထိုအသံအတိုင်း ပဲဟုချထားပါသည်။ သင်္ကေတဖြင့်ပြရလျှင် ဤသို့တွေ့ရပါမည်။

– – – – – +

– – – +

မေးခွန်းရှင်မေးသည့်အတိုင်း (သင်္ကေတပြထားသည့်အတိုင်း) ရေး၍ရပါသလားကိုဖြေရလျှင် ရှေးကဗျာများတွင်လည်း ဤပုံစံအတိုင်းရေးဖွဲ့သည်ကိုတွေ့ရပါသည်။ (ဥပမာအားဖြင့် အထက်၌တင်ပြခဲ့သည့် လောင်းညိုကလူးလေးဆစ်တွင်လည်း ပျိုတို့မောင် တစ်ကိုယ်ထူး၊ လောင်းညိုကလူး) ဟူ၍ချထားသည်ကို တွေ့နိုင်ပါသည်။ ယခုခေတ်ကဗျာဆရာအချို့ လိုက်လံရေးဖွဲ့ကြသော််လည်း အတော်များများကမရေးကြပါ။ မယ်ခွေ၏“လက်ဆောင်”နှင့် ရှေးရေး”လှည်းယဉ်”ကဗျာတို့၏ အဆုံးချပုံစံများအတိုင်းသာရေးကြပါသည်။ ရေးဖွဲ့လိုကရေးဖွဲ့နိုင်ပြီး မှားသည်၊ မှန်သည်မဆိုလိုပါ။

နောက်ဆုံးမေးခွန်းတစ်ခုကျန်ရှိပါသည်။ ကာရန်အချိတ်အဆက်ဖြင့် စကားစုပုံစံရေးသောကဗျာဆိုသည်များကို  မြန်မာကဗျာအဖြစ်သတ်မှတ်၍ရပါသလား၊ မြန်မာကဗျာဖွဲ့နည်းများတွင် ဖွဲ့နည်းတစ်ခုအဖြစ် ရှိ၊ မရှိရှင်းလင်းဖြေကြားပေးရန်ဖြစ်ပါသည်။

ကဗျာဟူသောပင်စည်ကြီးမှ လင်္ကာနှင့်သီချင်းဟူ၍ နှစ်မျိုးခွဲဖြာထွက်ပါသည်။ လင်္ကာအုပ်စုတွင် လင်္ကာမှ ဝဲရိုက်ဝဲသွင်းအထိ ၁၄ မျိုးရှိပြီး သီချင်းအုပ်စုတွင် ရကန်မှ ဇာတ်စကားစပ်ပုံအထိ ၂၂ မျိုးရှိသည်။ စုစုပေါင်း ၃၆ မျိုးရှိပြီး သီချင်းအုပ်စု၏ နောက်ဆုံးဖြစ်သော ဇာတ်စကားစပ်ပုံဖွဲ့နည်းနှင့် ဆင်တူလိမ့်မည်ဟု ဆိုရပါလိမ့်မည်။ မေးခွန်းတွင် နမူနာလည်းမပါရှိ၍ ကာရန်အချိတ်အဆက်ဖြင့်ရေးသော လေးလုံးစပ်လည်းမဟုတ်၊ သံပေါက်လည်းမဟုတ်သောကဗျာမျိုး ဖြစ်ပေလိမ့်မည်။ ယခင်က မောင်ခိုင်မာ၏ “ရှင်မရေ”ကဗျာများကဲ့သို့ဖြစ်နိုင်ပြီး ကဗျာအဖြစ်သတ်မှတ်နိုင်ပါသည်။

ဇာတ်စကားစပ်ပုံဟုဖော်ပြထားသော်လည်း ဇာတ်စကား၊ ဇာတ်စာဟုဆိုရပါမည်။ မြန်မာ့ဇာတ်ဘဘင်များတွင် ကပြတင်ဆက်လေ့ရှိသည့်  နောက်ပိုင်းဇာတ်များတွင် ဘုရင်၊ မိဖုရား၊ ဝန်ကြီးများ၊ အခြားဇာတ်ဆောင်များ ဇာတ်စကားပြောကြရာတွင် သာမန်လူများကဲ့သို့မပြောဆိုကြဘဲ လင်္ကာစပ်စကားများဖြင့် ပြောကြလေ့ရှိရာ ဇာတ်တော်များအလိုက်၊ ဇာတ်ဆောင်များအလိုက် ဇာတ်စာများရေးကြရာတွင် နဘေကာရန် အချိတ်အဆက်များဖြင့် ရေးကြသည်။ ယင်းသည်ပင် ဇာတ်စကားဖြစ်တော့သည်။ သို့ဖြစ်၍ ကာရန်အချိတ်အဆက်ဖြင့် စီကာစဉ်ကာရေးလျှင် မြန်မာကဗျာအဖြစ် သတ်မှတ်၍ရပါကြောင်း  ဖြေကြားလိုက်ပါသည်။ ငွေတာရီကဗျာပန်းဥယျာဉ်သို့ ကဗျာပေးပို့ကြသူများ၊ မေးခွန်းပေးပို့မေးမြန်းကြသူများနှင့် ဝါသနာအလျောက် လစဉ်ဖတ်ရှုလေ့လာနေသူများအားလုံး  ရွှင်လန်းချမ်းမြေ့ကြပါစေ။      ။

                                                                ဦးသစ္စာ