01
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်းတွင် ဖော်ပြပါရှိသော မိချမ်းဝေ၏ “သမုဒယလွန်ပွဲ” ဝတ္ထုကို စာချစ်သူအတွက် စာလက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါသည်။

သမုဒယလွန်ပွဲ

အကယ်စင်စစ် ကျွန်မသည် တိရစ္ဆာန်ချစ်သူတစ်ယောက်မဟုတ်ကြောင်း အလျင်အဦးသိစေအပ်ပါ သည်။ လောကကြီးထဲရောက်လာသူတစ်ယောက်အဖို့ လိုချင်တာရော၊ မလိုချင်တာပါ ရောထွေးလက်ခံရ မည်မှာတော့ ဓမ္မတာပင်။ ထိုမလိုချင်သောအရာများထဲတွင် အိမ်မွေးတိရစ္ဆာန်များပါဝင်ပါသည်။ ခွေး၊ကြောင်၊ ယုန် စသည်ဖြင့် လူတို့နှင့်နီးစပ်သော အကောင်ပလောင်များကို ဆိုလိုသည်။
ဘဝကရှည်လျားလှသည်ဖြစ်ရာ အကွေ့အကောက်များစွာကို ဖြတ်ကျော်ရင်း တစ်ကွေ့မဟုတ်တစ်ကွေ့ သင်းတို့နှင့်မဖြစ်မနေကြုံရသော အကွေ့လေးများရှိခဲ့သည်။ ထိုအကွေ့သည် မြိတ်မြို့၊ ကြောင်ငယ်ရပ် မီးကြီးလောင်တာနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။ မီးက ပိုင်ဆိုင်မှုတွေကို ဝါးမျိုပစ်လိုက်တော့ လက်ချည်းဗလာသက်သက်ဖြင့် အခြားမီးမလောင်သော ရပ်ကွက်လေးထဲရောက်သွားတော့၏။
ရှားရှားပါးပါးငှား၍ရသောအခန်းလေးက မျက်နှာဝ ၇ တောင်သာသာအခန်းဖြစ်သည်။ ကောင်းသည်၊ ဆိုးသည် ရွေးချယ်နိုင်သောအခြေအနေမဟုတ်တော့ ခပ်မြန်မြန်ပင်နေသားကျအောင်လုပ်ရသည်။ အခန်းက နှစ်ထပ်အိမ်ကို မြေညီထပ်မှာ လူငှားတင်ခြင်းဖြစ်ရာ မြေကြီးနှင့် အလွန်နီးကပ်စွာ ကြမ်းခင်းထားသည်က ပြဿနာဖြစ်လေသည်။ မြေနှင့်ကြမ်းခင်းနီးစပ်လွန်းတော့ ကြွက်တွေအကြိုက်ဖြစ်ကာ သောင်းကျန်းတော့၏။
ထမင်းအိုး၊ ဟင်းအိုးများ ဖုံးဖိထားလျက်နှင့် သူတို့ ဗလ ၊ သူတို့နှုတ်သီးများဖြင့် ပြိုင်တူတွန်းဖြိုကြသည်မှာ အံ့သြဖို့ပင်ကောင်းလှ၏။ ဂလုတ်…ဂလုတ်၊ ဂျန်း…ဂျုန်း… အသံများက ညဉ့်နက်သန်းခေါင်အိပ်ရေးတွေကို ခြိမ်းခြောက်နေတော့သည်။ ဒါဆိုလျှင် နေ့ခင်းနေ့လယ်ရော၊ ထူးမခြားနားပင်။ ကြာတော့ သည်းမခံနိုင်တော့။ နှုတ်ကစကားတစ်ခွန်း အလိုလိုထွက်သွားတော့၏။
“ကြောင်တစ်ကောင်တော့ မဖြစ်မနေ ရှာကိုရှာရတော့မယ်”
မီးလောင်ပြင်မှနိုးထလာသော ရပ်ကွက်လေးထဲမှာတော့ ကြောင်ဆိုသည်မှာ လိုချင်တိုင်းရသည့်အရာမဟုတ်ပေ။ ကျောင်းသားမိဘများကျေးဇူးဖြင့် ကြောင်ကျားလေးတစ်ကောင် အိမ်ရောက်လာ၏။ ကြောင်ကျားက အမလေးဆိုတော့ အမအစွမ်းပြကာ အလုပ်တွေလုပ်တော့သည်။ ချက်ချင်းဆိုသလိုပင် အိမ်မှာအသံဗလံများ တိတ်သွားတော့သည်။
ကြွက်ဆိုတာ ကြောင်အနံ့ရသည်နှင့် ပြေးသည်ဟုကြားဖူးသည်။ မှန်နေရော့သလား။ ကျေးဇူးကြီးပါပေ့။ ကျေးဇူးကရှိသွားပြီဆိုတော့ ကျွန်မကြောင်မလေးမိကျားကို စားရေးသောက်ရေး ဂရုစိုက်ရတော့၏။ ဂရုစိုက်ပါသည်ဆိုမှ တစ်ပတ်မပြည့်ခင်ပင် မိကျား ပျောက်သွားတော့၏။
“လုပ်ကြပါအုံး… ကြောင်မလေးပျောက်နေလို့ ရှာကြပါအုံး”
ကျွန်မအော်သံက အိမ်နီးနားချင်းများကို ခေါင်းထောင်သွားစေသည်။
 “မပျောက်ပါဘူး ဆရာမရဲ့၊ အလည်လွန်နေတာနေမှာ၊ ဒီရာသီက ကြောင်တွေမိတ်လိုက်တဲ့ရာသီလေ”
ကြောင်အရေးကျွမ်းကျင်သူ အိမ်နီးနားချင်းတစ်ယောက်၏ မှတ်ချက်စကားဖြစ်သည်။ ကျွန်မ အနေဖြင့် ကြောင်တွေမိတ် လိုက်သည့်ကိစ္စ အကျွမ်းဝင်မှုမရှိပါ။
“ဆရာမ မိကျားရှိတဲ့နေရာ သားတို့သိတယ်”
ကျောင်းဆရာမဖြစ်ရသည့်အရသာက ဒါပဲဖြစ်သည်။ ကျောင်းသားလေးတွေ သတင်းပို့သည်။ သူတို့ဦးဆောင်ခေါ်သွားသဖြင့် တစ်ခြံကျော်မှ လူမနေသော အိမ်ပျက်ကြီးနားတွင် မိကျားကို သူ့အဖော်နှင့်အတူ တွေ့ရသည်။
“လာ…လာ…မီမီ… မီမီ…မိကျားရေ အိမ်ပြန်ရအောင်”
မိကျားကား ဂရုမစိုက်ပါပေ။ နောက်ဆုံးတော့ ခေါ်ရှာသူမောကာ လက်ပြန်ခဲ့ရတော့၏။ ထိုညက ကျွန်မ အိပ်မပျော်ပါ။ မိကျား၊ အစာမစားတာ တစ်ရက်ကြာပြီ၊ မဖြစ်ချေတော့။ နောက်တစ်နေ့နံနက် ထမင်းနှင့် ငါးပြုတ်နယ်ကာ မိကျားတို့ နှစ်ပါးကြည်နေသည့်အနားမှာ သွားချထားပြီး ဆွဲဆောင်ကြည့်သည်။
“မီ…မီ…မီ”
မိကျားကား မလှုပ်သေးပါချေ။ ထမင်းကိုလှည့်မကြည့်။ ကျွန်မစားစရာတွေထားကာ ကျောင်းဘက်ကိုထွက်လာတော့ ရပ်ကွက်ထဲမှာ သတင်းတစ်ရပ် ပျံ့လွင့်ကျန်ခဲ့သည်။
“ကြောင်မလေး လင်နောက်လိုက်တာ ဆရာမလေး…ထမင်းချိုင့်ပါလိုက်ပို့ရတယ်”
++++++++++++
ပထမဦးဆုံး သံယောဇဉ်မိကျားကို ဗြုန်းစားကြီးထားရစ်ကာ ရန်ကုန်ပြောင်းသည့် အချိန်မှာတော့ ကျွန်မမှာ မျက်ရည်နဲ့မျက်ခွက်။ ဘယ်တုန်းကများ ကျွန်မ မိကျားကို တွယ်ငင်မိသွားပါလိမ့်။
ရန်ကုန်ရောက်တော့ မိကျားနေရာအစားထိုးဖို့ ကြောင်တစ်ကောင်ရှာရပြန်သည်။ မရှာလို့မဖြစ်၊ နေသည့်အထပ်က ပထမထပ်ဆိုတော့ ကြွက်ပြဿနာကကပ်ပါလာသည်။ မြိတ်မှာနေစဉ်ကလောက် မဟုတ်ပေမဲ့ ထမင်းအိုးကို တွန်းဖွင့်ကြတာချင်းတော့အတူတူပင်။ သည်လိုနှင့် ကြောင်မွေးထားရာ ရပ်ကွက်ထဲ လှည့်ကာ ကြောင်တောင်းထွက်ရတော့၏။ သည်လိုနှင့် ညိုမီသည် အိမ်ကိုရောက်လာတော့၏။ ညိုမီကား သက်ဆိုးမရှည်ရှာ၊ သားလေးကိုထားရစ်ကာ လောကထဲကစွန့်ခွာသွား၏။ ညိုမီထားရစ်သော သားလေးကို အမိမဲ့သားအဖြစ် တိုးလို့ချစ်ရပြန်သည်။
သမီးတို့ကလည်း အလိုလိုနေရင်း ကြောင်ချစ်သူများဖြစ်လာသည်။ ကြောင်ကိုဆေးခန်းပို့လျှင် သမီးကြီးကရှေ့ဆုံးမှသွက်လက်နေတော့၏။
“ဆရာဝန်ကလဲ ရယ်ရတယ်မေမေ၊ ကြောင်နာမည်မေးတော့ သမီးတို့ဖြေတာကို ဆရာဝန်က နားမလည်လို့ ထပ်ကာတလဲလဲ မေးနေတာများ”
ဟုတ်ပါရဲ့။ ညိုမီ့သားလေးက ညိုမီနဲ့ တထေရာတည်း၊ အဖြူနှင့်အနက်ကွက်ကျားလေးမို့ အမေနဲ့တူလွန်းလို့ မေတူခေါ်ရင်း သူ့နာမည် မေတူဖြစ်သွားသည့်အဖြစ်။
မေတူကား တဖြည်းဖြည်းနှင့် ကျွန်မအသည်းကျော်ဖြစ်လာသည်။ ငါးဆိုလျှင် ပင်လယ်ငါး ပလာတူးမှစားသည်။ ကြောင်ငါးဝယ်ရသည်မှာ အကယ်စင်စစ် မျက်နှာငယ်လှ၏။ ငါးသည်က မရောင်းချင်ရောင်းချင် ကြောင်ငါးနှစ်ရာဖိုးရောင်းရသည်ကိုး။ တဖြည်းဖြည်းနှင့် အိမ်မှာ မေတူနေရာယူလာသည်။ မေတူ့အရေး ရှေ့တန်းရောက်လာသည်။ လူတွေစားစရာမရှိရင် ခေါက်ဆွဲကြော်၊ ကြာဆံကြော် ဝယ်စားလို့ရသည်။အိမ်မှာ ကြောင်ကားမရှိလို့မဖြစ်။
တစ်ခါတစ်ရံ စာပေဟောပြောပွဲက နံနက်စောစောပြန်ရောက်လာလျှင်ပင် မနားအား၊ မီးဖိုထဲဝင်လို့ မေတူအစာတောင်းလျှင် ဈေးဆွဲခြင်းကို ကောက်ကိုင်ရတော့၏။
“ဟင်.. ဆရာမ ခရီးရောက်မဆိုက် အစောကြီး ဈေးသွားမလို့လား”
အိမ်နီးနားချင်းတွေ တအံ့တသြမေးကြရတော့၏။ မေတူကား လိမ္မာရှာသည်။ ကြောင်အလုပ်၊ ကြောင်တာဝန် ကျေပွန်ရှာသည်။ တစ်ခုပါပဲ။ အရွယ်ကလေးရလာတော့ လမ်းများလာသည်။ ညဦးပိုင်း အိမ်လည်ထွက်သွားလျှင် လင်းခါနီးမှ ပြန်လာတတ်သည်။ တံခါးတွေပိတ်ထားလည်း ပထမထပ်ကနိမ့်နေတော့ ဝရန်တာမှ ခုန်ဆင်းပြေးလေ့ရှိသည် ။ သူက အိမ်ပေါ်ကဆင်းလျှင် ဝရန်တာမှ ခုန်ဆင်းပြေးသော်လည်း ပြန်လာလျှင်မူ ဝရန်တာမှ မတက်တတ်ပါပေ။ လူဝင်ပေါက်တံခါးမကြီးကို လာခေါက်လေ့ရှိသည်။
သူ့ဦးခေါင်းဖြင့် တံခါးကို တိုးတိုးပြီးခေါက်သည်မှာ လူခေါက်နေသည့်အတိုင်းပင်။ သည်တော့လည်း ကျွန်မမှာ သားလူပျိုလှည့်အပြန် ညတိုင်း အိပ်ရေးပျက်ရတော့၏။ ထိုသို့ မေတူ တစ်ကောင် စည်းလွတ်ဝါးလွတ်နေခြင်းကပင် ကြမ္မာဆိုးနှင့်တိုးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတော့ ညမှာသာမဟုတ်၊ နေ့ပင်လျှင် မေတူ အိမ်ပြင်ထွက်တတ်လာသည်။
မေတူပျောက်သည့်နေ့က အလင်းရောင် မပျောက်သေးသော ညနေစောင်းချိန်ဖြစ်သည်။ ဟိုနားဒီနားသွားသည်ထင်ရသော်လည်း အချိန်တန် အိမ်ပြန်မရောက်လာပါ။ သည်လိုနှင့် တစ်ညလွန်သွားသည်။ နောက်တစ်နေ့ မေတူကို မရှာအား၊ ကျောင်းတက်ရပြန်သည်။ တာဝန်ကရှိသေးသည်ကိုး။ ထိုနေ့ကစာသင်ပင်မဖြောင့်၊ မေတူ့အကြောင်းသာ အာရုံထဲကြီးစိုးနေသည်။ ဘယ်တွေသွား၊ ဘာတွေလုပ်နေပါလိမ့်။ တစ်နေရာမှာ မိန်းမများရနေပြီလား။ မေတူ မိန်းမဘယ်မှာရနေပါလိမ့်၊ မြိတ်မှာနေတုန်းကလို မိန်းမခိုးသွားတဲ့ကောင်ကို ကျွန်မ ထမင်းပို့ရအုံးမယ်ထင်ပါရဲ့။
သည်လိုအတွေးတွေ ပတ်လည်ရိုက်ပြီး တစ်နေ့လုံး စာသင်မဖြောင့်၊ အိမ်ပြန်ချိန်ရောက်တော့၏။ အိမ်သို့ လေးကန်သောခြေလှမ်းများဖြင့် ပြန်လာစဉ် အိမ်တံခါးသော့ဖွင့်သည့်ခဏ စာအုပ်စင်ပေါ်မှ မေတူခုန်ချလာသည်။
“ဟင်…မေတူ”
ကျွန်မ မေတူကို ပြေးကောက်ချီတော့ မေတူမဟုတ်၊ သမီးကြီးရဲ့ ပန်ဒါဝက်ဝံရုပ်ဖြစ်နေသည်။ ပန်ဒါရုပ်က အဖြူနှင့်အနက်မို့ မေတူနှင့်တူနေခြင်းသာ။ ဒီအရုပ် ဘာကြောင့် စာအုပ်စင်ပေါ်ရောက်နေပါလိမ့်၊ ကျွန်မ အိမ်သော့ဖွင့်၊ အိမ်ထဲဝင်သည်နှင့် အရုပ်က အချိန်ကိုက် စင်ပေါ်ကဘာလို့ပြုတ်ကျလာပါလိမ့်၊ ကျွန်မမျက်စိထဲလည်း ဘာလို့မေတူလို့မြင်ပြီးပြေးပွေ့မိသနည်း။
မေးခွန်းတွေပြိုကျလာသော်လည်း အဖြေကား မရှိပါပေ။ ဝမ်းနည်းကြေကွဲမှုဒီရေတွေ တရိပ်ရိပ်တက်လာသည်။ ဟုတ်ပါပြီ။ မေတူ ဤလောကထဲမှာမရှိတော့ပါ။ အခြားလောကတစ်ခုသို့ ထွက်ခွာသွားပါပြီ။ သူ့ကို သူ့အမေ ညိုမီလိုချစ်ပေးသည့်ကျွန်မကို သူလည်း သံယောဇဉ်တွယ်ရှာမည်ပင်။ ဒါ့ကြောင့် သူမရှိတော့ကြောင်း အရိပ်အယောင်ပြတာထင်ပါရဲ့။ ကျွန်မထင်မြင်ချက်များ မကြာခင်အတည်ဖြစ်လာသည်။ နောက်တစ်နေ့ ကျောင်းသို့အသွား –
“အန်တီ..အန်တီတို့အိမ်က အဖြူနဲ့အနက်ကွက်ကြောင်လေး မနေ့ညနေက လူတစ်ယောက်ဖမ်းသွားတာမြင်လိုက်တယ်”
“ဖမ်းသွားတယ်ဟုတ်လား”
“ဟုတ်တယ်၊ သား သေသေချာချာမြင်လိုက်တယ်၊ လူကြီးက သူ့ခါးပုံစထဲ ကြောင်ကိုအသာလေး ဖမ်းထည့်သွားတာ ”
“ဘုရား..ဘုရား”
သွားပါပြီ၊ အရက်သမားတွေ အရက်နဲ့မြည်းဖို့ ဖမ်းသွားပါပြီ။ နှလုံးသည်းပွတ်ကို လက်ကြမ်းကြီးနှင့် ဆုပ်ခြေလိုက်သလို နာကျင်ပြင်းပြသောဝေဒနာတို့ တရိပ်ရိပ်တက်လာလေသည်။
+++++++++++++
မေတူဆုံးပါးသွားပြီးသည့်နောက်တွင် နှောင်တွယ်မှု၏အကျိုးဆက်ကို အပြန်ပြန်အလှန်လှန် ဆင်ခြင်ရင်း ကြောင်မွေးရန် တွန့်ဆုတ်နေလေသည်။ ထိုသို့တွန့်ဆုတ်နေလေ ကြွက်တွေ အကြိုက်တွေ့လေပင်။ ပထမထပ်ဆိုတော့ မြေနှင့်နီးရာ ညများဆိုလျှင် တက်သံဆင်းသံကျွက်ကျွက်ညံနေသည်။ ထမင်းအိုး ၊ ဟင်းအိုးမွှေရုံတင်မဟုတ်၊ အဝတ်တွေကိုပါ ရန်ရှာတော့၏။ အဆိုးဆုံးမှာ ရေခဲသေတ္တာတို့၊ အဝတ်လျှော်စက်တို့နောက်မှ ဝိုင်ယာကြိုးများကိုပါ ကိုက်ဖြတ်ခြင်းပင်။
အိမ်ဦးနတ်ကြီးကား တောက်တခေါက်ခေါက်နှင့် စိတ်တိုနေတော့၏။ အပူမရှာတော့ဟူသော ဆုံးဖြတ်ချက်ကိုပြင်ဆင်ရန် တွန်းအားတွေ တစ်ရက်ပြီးတစ်ရက်များလာသည်။
“မေမေ…ဘွားဘွားမေကလေ ကြောင်လိုချင်ရင် လာယူတဲ့၊ ကြောင်ပေါက်လေးတွေရှိတယ်တဲ့”
သမီးကြီးက တော်ဘုရားကလေး အောင်ဇေဆီမှာ အင်္ဂလိပ်စာသင်တန်းတက်နေသည်။ တော်ဘုရားကလေးတို့မိသားစုနှင့် ကျွန်မတို့ အလွန်ရင်းနှီးလေရာ တော်ဘုရားကလေးဇနီး ဒေါ်လေးမေက သမီးနှင့်မှာလိုက်ခြင်းဖြစ်သည်။
“သမီးက ဘွားဘွားမေကို အိမ်မှာဖြစ်နေတာတွေ ပြောပြလိုက်လို့လား”
“ဟုတ်တယ်၊ အိမ်မှာ အရေးပေါ် ကြောင်တစ်ကောင်လိုအပ်နေတဲ့အကြောင်းပေါ့ ”
သည်လိုနှင့် ကြောင်ဝါတစ်ကောင် အိမ်ရောက်လာလေသည်။ ရက်သားလေးမို့ နို့ဘူးတိုက်မွေးရ၏။ သေးလွန်းသော်လည်း သူ့မျက်လုံးလေးများက ဝိုင်းဝိုင်းစက်စက်နှင့် ချစ်ဖို့ကောင်းလှ၏။
“ဟေး…မီးမီးခဲလေးဟေ့…မီးမီးခဲလေး”
အဆိုတော်မီးမီးခဲကိုကြိုက်သော သမီးတို့ဆီမှ အသံထွက်လာသည်။ မိဝါတို့၊ ရွှေဝါတို့မဟုတ်ဘဲ မီးမီးခဲဆိုပါလား။ ဟုတ်ပါ့၊ သူကလေး မျက်လုံးဝိုင်းဝိုင်းတွေက မီးမီးခဲမျက်လုံးတွေနဲ့ တူသလိုလို။
တစ်လခန့်ပင်မကြာ၊ သမီးတို့ဆီမှအသံထွက်လာပြန်သည်။
“မေမေရေ..မီးမီးခဲမဟုတ်ဘူးရယ်၊ အထီးကလေး…အထီးကလေး”
ရောက်စတုန်းက ပိစိကွေးမို့လို့ အထီး၊ အမ မခွဲခြားနိုင်၊ အမလေးထင်ပြီး မီးမီးခဲမှည့်ထားပြီးမှ-
“မထူးပါဘူးဟယ်… အထီးလေးဆို…သားသားခဲပေါ့”
ဒီလိုနှင့် နာမည်ကိစ္စ ဒိုင်ပွဲနှင့်ရပ်သွားတော့၏။ ကျွန်မတို့တစ်အိမ်လုံး သားသားခဲကို မေတူထက် ပိုဂရုစိုက်ကြ၏။ မေတူလိုမဖြစ်အောင်၊ မေတူလို လမ်းမလည်အောင် ဝိုင်းထိန်းကြ၏။ ခက်သည်က ကြောင်တစ်ကောင်ကို ဘယ်လိုထိန်းမလဲ။
“မီးသိတယ် မေမေ၊ သူတို့ကို သင်းလိုက်ရင် သူတို့အိမ်မလည်တော့ဘူးတဲ့၊ ဘယ်မှလျှောက် မသွားဘဲ အိမ်မှာပဲ ငြိမ်နေတတ်တယ်တဲ့၊ ဒီတော့သမီးတို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဒီကိစ္စ အကောင်အထည်ဖော်မှ ဖြစ်မယ်”
သမီးကြီးက တက်ကြွနေသလောက် ကျွန်မကတော့ တွေးတွေးဆဆစဉ်းစားနေဆဲ။ သူ့အဖေ အိမ်ဦးနတ်ကြီးကတော့ –
“သဘာဝမဟုတ်တာတွေ မလုပ်ကြနဲ့နော်၊ ဝဋ်လိုက်မှာမကြောက်ဘူးလား၊ ဘယ့်နှယ် အခုမှ ကြောင်လားမြောက်မယ် ကြံသေးတာ ၊ ခင်ဗျားတို့က သင်းကြမလို့လား”
အိမ်ရှေ့ခန်းကဦး စည်းကမ်းကြီး အသံကျယ်လာလေသည်။ ထိုအသံကား အရာမရောက်ပါပေ။ သမီးတို့ ညီအစ်မနှစ်ယောက် သားသားခဲကို ခပ်မြန်မြန်ပင် ပလတ်စတစ်ခြင်းထဲထည့်ပိတ်ကာ ဆရာဝန်ထံခေါ်သွားကြလေသည်။ သည်လိုမလုပ်လို့မဖြစ်၊ သည်လို မလုပ်က မေတူ့တုန်းကလိုကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ကြုံရနိုင်သည်။ ကိုယ့်လိုဘအတွက် သူ့အပေါ် ရက်စက်ရာကျလေပြီဟူသောအတွေးဖြင့် သားသားခဲကို ကျွန်မတို့ တစ်အိမ်သားလုံး ဆတိုးအလိုလိုက်ကြလေသည်။
သားသားခဲကား သမီးပြောသလို ဘယ်ကိုမှ ထွက်မလည်။ ကိုအိမ်ခင်ကြီးဖြစ်လာတာတော့ အမှန်ပင်။
+++++++++++++++++
သားသားခဲ အိမ်မှာအနေကြာလာတော့ ကြောင်မှာ ကြောင်ဗီဇရှိကြောင်း လေ့လာသိရှိရတော့သည်။ သူကား ခပ်ချေချေနေတတ်သည့်ကောင်ဖြစ်သည်။ အိပ်လျှင် ဘယ်တော့မှနိမ့်သည့်နေရာမှာမအိပ်၊ အမြင့်နေရာ၊ ဘုရားစင်အမိုး၊ ဗီရိုအမိုးပေါ်တွေမှာသာ တက်အိပ်လေ့ရှိသည်။ ခေါ်လျှင် လာချင်မှလာသည်။ လူကို ပွတ်သီးပွတ်သပ်မလုပ်၊ ကိုယ်ကချစ်လို့ သားသားခဲလေးဆိုပြီး သွားချီလျှင် ဆတ်ခနဲကုတ်လိုက်တော့သည်။ သူက ကြောင်ထီးလည်းဖြစ် စားပြီးအိပ်၊ အိပ်ပြီး စားဆိုတော့ ဖွံ့ဖွံ့ထွားထွားကြီးဖြစ်သည်။ သူ ရန်လုပ် ရန်လိုလျှင်မလွယ်၊ သတိထားရ၏။
သတိထားပြီး အရောမဝင်နေပြန်တော့ သူကရောချင်သည့်အခါ ပက်လက်ကုလားထိုင်မှာ စာဖတ်နေလျှင်ပင် ရအောင်ကုတ်ကတ်တက်လာပြီး ရင်ဘတ်ပေါ်မှာ တစ်ရေးရအောင်အိပ်သူဖြစ်သည်။ ကျွန်မတို့အာရုံမှာတော့ သားသားခဲကို မေတူလောက် နှစ်ပြီးမချစ်နိုင်၊ ထိုမချစ်နိုင်သည့်အထဲတွင် သူ့ချို့ယွင်းချက် အညစ်အကြေးစွန့် စည်းကမ်းမဲ့တာလည်းပါဝင်သည်။ အိမ်မှာမွေးခဲ့ဖူးသမျှကြောင်တွေ စည်းကမ်းလုပ်လို့ရသလောက် သူ့အလှည့်ကျမှ လက်လန်တော့သည်။
အညစ်အကြေးစွန့်သည့်နေရာမှာ ဘယ်လောက် အကျင့်လုပ်ပေး၊ လုပ်ပေး၊ သူကြိုက်တဲ့နေရာမှာသာ အညစ်အကြေးစွန့်သည်က အဆိုးဆုံးပင်၊ အိမ်ဝင်ပေါက်၊ ဖိနပ်စင်၊ ကြောင်အိမ်အောက်၊ ဗီရိုနောက်၊ အမှတ်တမဲ့အောက်ကျနေသော အင်္ကျီအဝတ်အစားပေါ်ပါမကျန် သူစွန့်ချင်သည့်နေရာမှာစွန့်သည်
နံနက်လင်းလျှင် သူလုပ်ထားသမျှ အလုပ်တစ်ခုလို လိုက်သိမ်းရသည့် ကရိကထကား စိတ်ပျက်ဖွယ်ရာပင်။ ကျွန်မခရီးသွားလျှင် အိမ်မှာ ကျန်ရစ်သော သမီးငယ်က ဒိုင်ခံဖြေရှင်းရလေရာ ပြန်လာလျှင် မေမေ့သားခဲကလေဟူသော တိုင်တောသံတွေ ညံနေတော့သည်။
သည်လိုနှင့် ညည်းရင်းညူရင်း၊ အော်ငေါက်ရင်းနှင့်ပင် နှစ်ကာလများစွာကို ဖြတ်သန်းလာကြသည်။ ဘဝအလှည့်အပြောင်းအရ ကျွန်မတို့ မြောက်ဒဂုံပြောင်းဖို့ဖြစ်လာသည်။ အိမ်ပြောင်းမည့်နေ့က သားသားခဲကိုရှာမရ၊ ပစ္စည်းတွေထုပ်ပိုးကတည်းက သူက အမူအရာတွေပျက်နေခဲ့သည်။ သူမလိုက်လို။ ဒါ သူ့အိမ်ဟူသည့်သဘောဖြင့် တကယ်သွားမည့်နေ့က ရှာမတွေ့အောင်ပုန်းနေခဲ့သည် ။ သမီးတို့ကျန်ခဲ့ဦးမှာဆိုတော့ အလိုလိုက်ကာ ထားခဲ့ရ၏။
သုံးရက်ပင်မပြည့်။
“မေမေ့သားခဲကိုလာခေါ်ပါ၊ သမီးမနိုင်တော့ဘူး၊ အခုမှ ပစ္စည်းနည်း အိမ်ကျယ်သွားပြီဆိုတော့ နေရာတိုင်းမှာလုပ်နေတော့တာ၊ အမေ့သား အမေအမြန်လာခေါ်ပါ”
ဖုန်းထဲမှ သမီးအသံဖြစ်သည်။
“ကဲ…ကွာ၊ ခေါ်ဆိုလဲ သွားခေါ်ကြတာပေါ့ ”
သည်လိုတော့ အိမ်ဦးနတ်ကြီးက သူ့ကောင်အတွက် လှုပ်ရှားလာသည်။
ထိုည…။
သူ့ကို တက္ကစီဖြင့် ခက်ခက်ခဲခဲခေါ်လာသည့်ည။ ကြိုးချည်ထားသည့် မြွေရေခွံအိတ်ကိုဖြေလိုက်သည်နှင့် သားသားခဲသည် သူ့အိမ်မဟုတ်ဆိုသောသဘောဖြင့် ပြေးပါတော့သည်။ ကျွန်မတို့က သူ့အထာသိပြီးသားမို့ ဝင်ပေါက်ထွက်ပေါက်ကိုပိတ်ထားရာ သူ ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိ၊ အိမ်ထဲပတ်ပြေးနေလေသည်။
အိမ်နဲ့စိမ်းနေသေးလို့ နောက်ဆို အသားကျသွားမှာဟုတွေးနေဆဲ သားသားခဲကား ဇာတိပြချေပြီ၊ မနေဘူးဆိုမနေဘူး သဘောဖြင့် ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်ကာ ပိတ်ထားသော သံပန်းမှတိုးထွက်လေသည်။ သံပန်းအပြင်ဘက်မှာ လဟာပြင်ပဲရှိတော့သည်။ သုံးလွှာကနေ သူဘယ်လိုခုန်ချမည်နည်း။ ဘယ်လိုမှချော့မရ၊ သူ သံပန်းကနေ ရအောင်တိုးထွက်ရင်း အခြေအနေက တစ်မျိုးဖြစ်လာသည်။ သူ့ခန္ဓာကိုယ်နဲ့ အပြင်ဘက်လည်းမရောက်၊ အတွင်းလည်း ပြန်ဝင်လို့မရ ဗိုက်နေရာမှာတစ်နေတော့သည်။
ဘုရားရေ..ဒုက္ခပါပဲ။ သူလည်း နာကျင်ရှာပေမည်။ နာလေရုန်းလေ မလွတ်လေ။ ဘယ်လိုလုပ်ရပါ့။
“လွှတ်ထားလိုက်ကွာ..ဖြစ်ချင်ရာဖြစ်”
ယောက်ျားတွေများ ဒါမျိုးဆို စိတ်မရှည်တတ်၊ လွှတ်ထားလို့မဖြစ်ဘူး၊ သေသွားရင် ဘယ်လိုလုပ်မလဲ၊ သေတာတောင် မချိမဆံ့သေရမှာ၊ ကျွန်မမျက်နှာမလွှဲနိုင်။ ခပ်မြန်မြန် အိမ်အောက်ဆင်းကာ မလှမ်းမကမ်းဆိုက်ကားဂိတ်သို့သွား၍ လူခေါ်ရတော့၏။ ညကိုးနာရီထိုးနေပြီမို့ သိပ်မလိုက်ချင်ဘဲလိုက်လာသူက စိတ်တော့ရှည်ရှာသည်။
“နေအုံးအန်တီ သူက ဇောနဲ့ အပြင်ကိုရုန်းနေတာ၊ အောက်ပိုင်းကြီးလို့တစ်နေတာပေါ့၊ ကျွန်တော် အပြင်ကကြိုးစားမယ်”
ဆိုက်ကားဆရာသည် ခဲရာခဲဆစ် ပြတင်းပေါက်အပြင်ဘက်ကတွယ်ကာ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းအတွင်းဘက်ကို တွန်းသွင်းသည်။ သိပ်မကြာပါ။ တစ်နေသော အနှောင်အဖွဲ့မှလွတ်ကာ အိမ်ကြမ်းပြင်ပေါ်ကျလာသည်။ ကျေးဇူးကြီးပါပေ့ မောင်မင်းကြီးသား ဆိုက်ကားဆရာရယ်။
ကူညီသူကို ထိုက်သင့်ငွေကြေးပေးပြီး အိမ်ထဲဝင်လာတော့ သားသားခဲမျက်နှာမမြင်ရ၊ တစ်နေရာမှာ ပုန်းနေမှာသေချာသည်။ ဒီညကြုံလိုက်ရသော စိတ်ပင်ပန်းမှုက ကျွန်မကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့ အချိန်ရသွားသည်။ အားလုံးဟာ လိုချင်တပ်မက်မှုကြောင့်ရလာသည့် ဒုက္ခတွေဖြစ်သည်။ ကိုယ့်ကိုမှ သူကမတွယ်တာလျှင် သူ့ကို ကိုယ်က ဘာကြောင့်တွယ်တာနေမည်နည်း။
နံနက်လင်းသောအခါ အိမ်ရှိတံခါးများ အကုန်ဟင်းလင်းဖွင့်လိုက်တော့သည်။ “သားသားခဲရေ…သွားပါ၊ မင်းမနေချင်ဘူးဆိုရင် ကြိုက်တဲ့ဆီကိုသွားပါ၊ လိုက်လဲမဖမ်းတော့ပါဘူး၊ ညကအဖြစ်မျိုး နောက်တစ်ကြိမ်မကြုံရပါစေနှင့်၊ သင်သွားလိုရာ သွားနိုင်ပါပြီ”
တံခါးတွေဖွင့်ထားသော်လည်း ထိုတံခါးမှ တစ်စုံတစ်ရာထွက်ခွာသွားသည့် အရိပ်အယောင်ကားမတွေ့သေး။
ကျွန်မသည် ကိုယ့်လွန်ကြိုး တစ်ဖက်သို့ပါ မသွားရန် စည်းထိပ်မှာကြံ့ကြံ့ခံ၍ ရပ်နေလေသည်။ ။

မိချမ်းဝေ