27
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

ချစ်ဖူးချင်တယ်

 

“ဝမ်းရောင်…ဝမ်းရောင်…ဝမ်းရောင်… ဝမ်းရောင်”

 

ဒါဟာ လူနာတင်ကားရဲ့အော်သံ။ ကျုပ်ကတော့ ပက်လက်။ နားက ကြားတစ်ချက် မကြားတစ်ချက်နဲ့။ တစ်ခါတစ်ခါ လေတွေတောင်ထွက်နေသေး။ မျက်လုံးကတော့ လုံးဝကိုဖွင့်လို့မရဘူး။ ဒါပေမဲ့ ကားပေါ်မှာ ကျုပ်ပါသွားပြီဆိုတာ သိနေတယ်။ ဘေးနားက ကျုပ်ရင်ဘတ်ပေါ် လက်တင်ပြီး နားနားကပ် တတွတ်တွတ်ပြောနေတာ ကျုပ်သားပေါ့။

 

“အဖေ အသက်ကိုမှန်မှန်ရှူနော်၊ ကျွန်တော်တို့ အခု ဆေးရုံကိုသွားနေတယ်၊ အဖေ နေကောင်းသွားမှာပါ၊ စိတ်ကိုတင်းထားနော် အဖေ”

 

“ဗုဒ္ဓါနံ ဇီဝိတသ န သက္ကာ ကေနစိ အန္တရာ ယော ကာတုံ တထာ မေ ဟောတု”

 

ခြေရင်းဆီက ကျုပ်သမီးအသံက မပီမသနဲ့။

သားရဲ့အားပေးသံ၊ သမီးရဲ့တရားသံတွေက ကျုပ်နားကို တယ်မတိုးလှဘူး။ ကျုပ်ခံစားနေရတာက နာခြင်းဝေဒနာပဲ။ ကျုပ်ကိုမွေးခဲ့တာ ရှစ်ဆယ့်ခြောက်နှစ်ရှိပြီ။ ကျုပ်အသက်အရွယ်နဲ့ဆို လူအိုဘဝထဲကို ထဲထဲဝင်ဝင် ရောက်နေခဲ့တာကြာပေါ့။ အခု နာနေပြီ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတဲ့။ မွေးလာပြီဆိုမှတော့ အိုရမှာပေါ့။ အိုပြီဆို နာတာကလည်း ကပ်ပါလာတော့တာ။ အခု ကျုပ်က နာနေပြီလေ။ အဲဒီတော့ အိုပြီးရင် နာ။ နာပြီးရင်… နာပြီးရင်…နာပြီးရင်…။ ကျုပ် ဘယ်ဘက်မျက်လုံးထောင့်က မျက်ရည်ပူတစ်လုံး လိမ့်ဆင်းသွားတယ်။ ကိန်းခန်းအရ အခု ကျုပ်က ပါပဂြိုဟ်ထဲ ရောက်နေပြီ။ ပါပဂြိုဟ်က ကျုပ်ကို ဘယ်တုံးကများ ကောင်းကျိုးပေးခဲ့လို့လဲ။ ကျုပ် ဆက်မတွေးချင်တော့ဘူး။

 

“မနေ့မနက်က အကောင်းပါဆရာ၊ သားသမီးတွေနဲ့တောင် စကားပြောနေပါသေးတယ်၊ ညနေပိုင်းကျမှ ဖြစ်သွားတာ၊ ညာဘက်တစ်ခြမ်း မလှုပ်တော့ဘူး၊ လေဖြတ်သွားတယ်ထင်တာပါပဲ ဆရာရယ်”

 

“အဖေက အရင် နှစ်ခါလေဖြတ်ဖူးတယ် ဆရာ၊ နောက်ပြီး ဘယ်ဘက်ပေါင်ထိပ်ရိုးလဲ ကျိုးနေတယ် ဆရာ၊ ခဲဆွဲရင်းတန်းလန်းပဲ…”

 

အရေးပေါ်ခန်းထဲရောက်နေတယ်ထင်ပါရဲ့။ ကျုပ်ဘေးမှာ ဆရာဝန်၊ ဆရာမတွေက ဝိုင်းဝိုင်းလည်နေကြတယ်။ စစ်ဆေးကုသနေကြတယ်။ ကျုပ်မျက်လုံးတွေ ပွင့်တယ်ဆိုရုံ ပွင့်လာတယ်။ ပါးစပ်က လှုပ်ရုံပဲလှုပ်နိုင်တယ်။ အသံက ထွက်မလာဘူး။

 

“ဆေးရုံတက်ရမယ်၊ ဦးခေါင်းကို စီဒီစကင်န် ရိုက်ရမယ်”

 

တွန်းလှည်းဘီးသံက နားဝမှာ ပွက်လောညံနေတယ်။ ခေါင်းကို စီဒီစကင်န်ရိုက်မယ်လုပ်တော့ ယောက်ျားတန်မဲ့ နည်းနည်းတော့သွေးကြောင်ချင်သား။ သမီးက ကျုပ်လက်ကိုခပ်ဖွဖွဆုပ်ပြီး အားပေးရှာပါတယ်။ ဒီလိုနဲ့ ဆေးရုံတက်လိုက်ရတယ်။ အစိမ်းရောင်ကန့်လန့်ကာ၊ အဲကွန်း၊ တီဗီနဲ့ သီးသန့်ခန်းပဲဖြစ်မှာ။ သားသမီးတွေကို ဒုက္ခပေးသလိုများ ဖြစ်နေပြီလား။

 

ကျုပ်ခုတင်ဘေး ခေါင်းရင်းနားမှာ ရှည်မျောမျောသံအိုးကြီးက မတ်တတ်ရပ်လို့။ ဘယ်ဘက်လက်က မျက်နှာကို ခပ်ဖွဖွစမ်းလိုက်တယ်။ နှာခေါင်းနဲ့ပါးစပ်ကို ပလတ်စတစ်ခွက်နဲ့ အုပ်ထားလို့ပါလား။ အသက်ရှူလို့မဝလိုက်တာ။ နှာခေါင်းထဲကလည်းခိုးလိုးခုလုနဲ့ အနေရခက်လိုက်တာ၊ ဆွဲဖယ်ပစ်လိုက်မှပဲ။

 

“အဖေ…ပိုက်တွေကိုဖယ်မပစ်နဲ့နော်၊ အဖေ အသက်ရှူကောင်းအောင်လို့ အောက်ဆီဂျင်ပေးထားတာ၊ နောက်ပြီး အဖေ့လည်ချောင်းက မမျိုနိုင်လို့ အစာပိုက်ထည့်ထားတာ၊ အဲဒါ ထုံဆေးပေးပြီးထည့်ထားရတာနော်၊ ပြုတ်သွားလို့ ပြန်ထည့်ရရင် အဖေနာလိမ့်မယ်၊ ခဏတော့သည်းခံလိုက်ပါနော်”

 

ခဏတဲ့။ ခဏက ဘယ်လောက်ကြာမှ ခဏပါလိမ့်။ လက်ဖျံမှာလည်း အပ်က တန်းလန်းနဲ့ စပ်ဖျဉ်းဖျဉ်းနိုင်လိုက်တာ၊ ခေါင်းထဲကလည်း ရီဝေရီဝေနဲ့။ အရေးထဲ ဆီးအိမ်ကလည်းတင်းလာတယ်။ ဆီးသွားလိုက်ရရင် ကောင်းမလားပဲ။ ဆီးလမ်းကြောင်းက ကျဉ်ပြီးနာလိုက်တာ။ ကျုပ်လက်ကို ပေါင်ကြားဆီ ရွယ်လိုက်တယ်။

 

“အဖေ… ဆီးသွားချင်ရင် သွားချလိုက်၊ ဆီးပိုက်ထည့်ထားတယ်”

 

မြတ်စွာဘုရား…ကျုပ်တစ်ကိုယ်လုံးမှာလည်း ပိုက်မျိုးစုံနဲ့ပါလား။ ကျုပ်ရဲ့ကုသိုလ်ကံက နုံချာလိုက်တာ။ ဘယ်ဘဝကအကုသိုလ်တွေကို ပေးဆပ်နေရတာပါလိမ့်။ ဝဋ်ကြွေးရှိသမျှ မြန်မြန်ကျေပါစေတော့။ ကျုပ်မျက်ဝန်းထဲမှာ ရှင်တော်မြတ်ဘုရားကို ဖူးမြော်လိုက်ရတယ်။

ကျုပ် မျက်စိနှစ်လုံးကိုမှိတ်ပစ်လိုက်တယ်။ ငါ ဘာဖြစ်လို့ ဒီဆေးရုံပေါ်ရောက်လာရတာလဲ။

 

************

 

ဝဋ်မှာ အမြဲ၊ ငရဲမှာ အပတဲ့။ ဝဋ်ကြွေးရှိတော့လည်း ဆပ်ရတာပ။ မြတ်စွာဘုရားတောင် ဝဋ်ကြွေးတော်ဆယ့်နှစ်ပါး ဆပ်ရသေးတဲ့ဟာကိုး။

အသက်ကြီးတော့ အရိုးတွေက ဘယ်လောက်များ ပွပြီး ဆတ်နေလဲမသိ။ လမ်းလျှောက်မလို့ ထိုင်ရာကထလိုက်တာ ဗြုန်းစားကြီး ဖင်ထိုင်လျက် လဲကျသွားပါလေရော။ ပေါင်အရင်းကနာလိုက်တာ အသံထွက်ပြီး အော်နေရတယ်။ လုံးဝကို ပြန်မထနိုင်တော့ဘူး။ ဒါနဲ့ပဲ ဆေးရုံရောက်သွားတော့တာ။ ဘယ်ဘက်ပေါင်ထိပ်ရိုးကျိုးသွားတယ်။ ပဲ့သွားတဲ့အရိုးစလေးတောင် ဓာတ်မှန်ထဲမှာ မြင်လိုက်ရသေး။ ကျုပ်က အကျိုးနဲ့ တော်တော်အကျိုးပေးတာကိုး။ ပထမတစ်ခါဖြစ်တာက ညာဘက်ပေါင်ရင်း၊ အဲဒီတုန်းက ခွဲစိတ်ပြီးကုရတယ်။ ထည့်ပေးထားတဲ့စတီးပြားမှ အကြီးကြီးပဲ။ မူလီတောင် ကိုးချက်စုတ်ထားရတာ။ ကျုပ်အဖြစ်ကလည်း ပြောမပြောချင်ဘူး။ ခြောက်လလောက်နေတော့ မူလီပြုတ်လို့ ပြန်ပြီးခွဲစိတ်ခံရသေးတယ်။ ဝဋ်ကြွေးတွေများချက် ပြောပါတယ်။

 

ခုတစ်ခါတော့ အသက်ကြီးလို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ခွဲမပေးတော့ဘူးတဲ့။ အိမ်မှာပဲ ခြေထောက်ကိုခဲဆွဲရမယ်တဲ့။ ခဲဆွဲတယ်ဆိုတာ တစ်ရက်ကိစ္စမှမဟုတ်တာ။ တော်တော်ဒုက္ခကြီးတာပေါ့။ ဘယ်ခြေထောက်တန်းလန်းကို အုတ်ခဲကျိုးက ဟီးလေးခိုနေတာ။ ကြာတော့ ခြေချင်းဝတ်က အနာဖြစ်လာတာပေါ့။ ခြေထောက်ဘေးမှာလည်း သဲအိတ်တွေက ညှပ်ထားလိုက်သေးတယ်။ လူကပက်လက်။ စိတ်ကအိုက်၊ လူကအိုက် ပါဘိသနဲ့။

 

“အဖေ… ထမင်းစားရအောင်”

 

တစ်သက်လုံးစားလာရတဲ့ထမင်းကို စားချင်စိတ်တောင် မရှိတော့ဘူးဗျာ။ သူတို့ ကျုပ်ကို ထူပေးတယ်။ ပေါင်ထိပ်ရိုးက နာလိုက်တာဗျာ။ မျက်ရည်တောင်စို့တယ်။ တင်ပါးရိုးဆိုတာ အိပ်တာ၊ ထတာအတွက် ပတ္တာလေ။ လှုပ်လေနာလေပေါ့။ အလေးသွားချင်ရင် ပိုလို့တောင်ဆိုးသေး။ ကျုပ်က အိမ်သာရောက်အောင်သွားနိုင်တာမှ မဟုတ်တာ။ အိမ်သာခွက်ကို ဖင်အောက်ရောက်အောင်ထည့်ဖို့ဆို ပြောမနေနဲ့တော့၊ နာလိုက်တဲ့ဖြစ်ခြင်း။ ကျုပ် နာကျင်ခြင်းနေ့ရက်တွေကို စိတ်ပျက်အားလျော့လျော့နဲ့ပဲ ဖြတ်ကျော်နေရတယ်။ သောက်ရတဲ့ဆေးတွေကလည်း များမှများ။ လျှာက ခါးသက်သက်အရသာတစ်ခုပဲ သိနေတယ်။ ဒါပေမဲ့ အရိုးက မဆက်တော့ဘူး ထင်တာပါပဲ။

 

အညာမှာနေတဲ့သားသမီးတွေ ခွင့်ယူပြီး လူမမာမေးလာကြတယ်။ သူတို့နဲ့တွေ့တော့ လျှော့ထားတဲ့စိတ်တွေ ပြန်တင်းလာသလိုပဲ။ ကျုပ် ဝေဒနာတွေ တစ်ဝက်လောက်သက်သာသွားတာတော့ အမှန်ပဲ။ သူတို့ ကျုပ်ကို ဝှီးချဲပေါ်ပြောင်းတင်ပြီး အိမ်ရှေ့မှာ တစ်ယောက်တစ်လှည့်တွန်းကြတယ်။ စကားတွေလည်း အများကြီး အပြန်အလှန်ပြောကြတာပေါ့။

အဲဒီနေ့က ရုံးပိတ်ရက်မို့ အိမ်မှာ သားသမီးတွေ အစုံရှိတယ်။ ပျော်ပျော်ပါးပါး စားကြသောက်ကြ၊ စကြနောက်ကြနဲ့။ သူတို့ဆီကအပျော်တွေ ကျုပ်တို့လင်မယားဆီကူးလာတယ်။ အညာကလာတဲ့ သားသမီးနှစ်ယောက်က ခွင့်စေ့ပြီမို့ ညနေကားနဲ့ပြန်တော့မှာ။ အားလုံးက ဖျာတစ်ချပ်ခင်းပြီး ထိုင်ကန်တော့ကြတယ်။ ကျုပ်ရင်ထဲမှာ ကတုန်ကယင်ဖြစ်လို့။ ဇက်ကြောက ရုတ်တရက်တက်လာတယ်။ ခေါင်းထဲမှာလည်း မူးနောက်နောက်ကြီး။ကျုပ် လမ်းဘက်ကိုငေးကြည့်နေမိတယ်။ ကျုပ်ရဲ့ မျက်ဝန်းဝမှာ မျက်ရည်ပူတွေစီးကျနေတယ်။

 

“ကိုကျော်ထွေး… ကလေးတွေ ပြန်ခါနီး စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့၊ ဆုလေးဘာလေး ပေးလိုက်ပါအုံး”

 

ဇနီးသည် မသန်းကြွယ်က ဆုတွေတစ်ပုံကြီး ပေးနေတယ်။ တကယ်တော့ ကျုပ်လည်း စကားတွေ အများကြီးပြောနေတာပါပဲ။ ဆုတွေ တသီကြီး ပေးနေတာပါပဲ။ ဒါပေမဲ့ စကားလုံးလေး တစ်လုံးတလေတောင်မှ ထွက်ကျမလာတော့ပါလား။ ပွင့်နေတဲ့ ညာဘက်မျက်လုံးကလည်း ပိတ်လို့မရတော့ပါလား။ ဝှီးချဲကိုဆုပ်ကိုင်ထားတဲ့ ညာလက်ကလည်း ရင်ခွင်ထဲပြုတ်ကျနေတယ်။ ခြေနင်းပေါ်တင်ထားတဲ့ ညာခြေဖဝါးကလည်း သမံတလင်းနဲ့ ထိနေတယ်။ ဧကန္တ ကျုပ်လေဖြတ်သွားပြီလား။ ဒါဆို သုံးကြိမ်မြောက် လေဖြတ်ခြင်းပဲ။ ကျုပ် ဒီလိုနဲ့ ဒီဆေးရုံကိုရောက်ခဲ့တယ်။

***************

အခုတော့ ကျုပ် အိမ်ပြန်ရောက်ပြီ။ ဆေးရုံ ကဆင်းခဲ့ပြီဆိုပေမဲ့ လူကောင်းအနေနဲ့ဆင်းခဲ့တာ မဟုတ်ဘူး။ လူနာအနေနဲ့ဆင်းခဲ့ရတာ။ အသွားတုန်းကလိုပဲ အပြန်မှာလည်း လူနာတင်ယာဉ်နဲ့။ အိမ်ကခုတင်ပေါ်မှာရောက်နေပေမဲ့ ကျုပ်ဘေးနားမှာ အောက်ဆီဂျင်အိုးက မတ်တတ်။ ကျုပ်ပါးစပ်နဲ့ နှာခေါင်းပေါ်မှာ ပလတ်စတစ်ခွက်က အုပ်လျက်။ နှာခေါင်းထဲမှာ အစာပိုက်ကရှိနေတုန်း။ ဆီးပိုက်ကလည်း တန်းလန်း။

“အဖေ… ဆန်ပြုတ်လေးသောက်လိုက်ရအောင်၊ ကြက်ပြုတ်ရည်လေးနဲ့ကျိုထားတာ ချိုမှချို”

ကျုပ်ရဲ့ဘယ်ဘက်လက်ဝါးက ရင်ဘတ်ပေါ်ကနေ လေထဲမြောက်တက်သွားတယ်။ တိုဝင်နေတဲ့ ကျုပ်လျှာက ဘယ်လိုလုပ် စကားပြန်နိုင်တော့မှာလဲ။ ခန္ဓာကိုယ်မှာ တစ်ခုတည်းသာ လှုပ်ရှားလို့ရတော့တဲ့ ကျုပ်ရဲ့ ဘယ်လက်က ကျုပ်အတွက် စကားပြန်ပေါ့။ တစ်ခါတလေ ဘယ်ဘက်မျက်လုံးထောင့်က လိမ့်ဆင်းလာတဲ့ မျက်ရည်ဥပူပူနွေးနွေးတွေက ကျုပ်ရင်ထဲက ခံစားချက်တွေကိုယ်စား စကားပြောတတ်တယ်လေ။

နှာခေါင်းကနေ အစာအိမ်ထဲကိုတောက်လျှောက်စီးဆင်းသွားတဲ့ ဆန်ပြုတ်ရဲ့အရသာကို ချိုမှန်းချဉ်မှန်း ဘယ်လိုလုပ်သိပါ့မလဲ။ ရသာရုံတာဝန်ပျက်ကွက်နေတဲ့ ကျုပ်လျှာက ချွဲသလိပ်တွေနဲ့ဖုံးအုပ်နေတော့တာ။ နှာခေါင်းကလည်း အောက်ဆီဂျင်ကို ရှူနေတာကလွဲရင် ဘာအနံ့မှမရတော့ဘူး။

အစာအိမ်ကတုံ့ပြန်လိုက်တဲ့ ပဲ့တင်သံပေးပြီး ကြို့ထိုးနေတာက ကျုပ်ရဲ့ဝမ်းဗိုက်ကြွက်သားတွေကို လက်သီးချက်ပြင်းပြင်းနဲ့ အဆက်မပြတ်ထိုးနှက်နေသလိုပဲ။ နာကျင်မှုအမျိုးမျိုးက တစ်လှည့်တစ်မျိုးနဲ့ မရိုးအောင်နှိပ်စက်နေတာ။ ပြောလို့တောင်မဆုံးသေးဘူး၊ ချောင်းက ဆက်တိုက်ဆိုးလာပြန်ရော။ သည်ချောင်းနှယ် အသက်ရှူဖို့အချိန်လေးတောင်မပေးတော့ပါလား။ နှာခေါင်းပေါ်အုပ်ထားတဲ့ ပလတ်စတစ်ခွက်ကလည်း ရေငွေ့တွေဟပ်နေတယ်။

“အဖေ…ကျွန်တော် ဒီနေ့ပဲရောက်တယ်၊ နေကောင်းအောင်နေပါ၊ ကျွန်တော်တို့ အဖေ့ကို ဝိုင်းဝန်းပြုစုကြမှာပေါ့”

ကျုပ် မျက်လုံးစောင်းကြည့်လိုက်တယ်။ မျက်လုံးတွေက တိမ်သလာ ဖုံးထားသလိုမျိုး ဝိုးတိုးဝါးတားနဲ့၊ အမြင်အာရုံလည်း ချို့ယွင်းနေပြီကော။ အကြားအာရုံက ကျုပ်ဘက်က ရပ်တည်ပေးနေလို့ တော်ပါသေးရဲ့။ ဒါ ကျုပ်သမက်ရဲ့ အသံ။ မလွန်မှာနေတဲ့ ကျုပ်သမီးအလတ်မ ခင်စန်းချိုရဲ့ယောကျ်ားဝင်းရွေပေါ့။

ကျုပ် အိပ်ရာထဲလဲနေတာ လချီကြာရော့မယ်။ နာကျင်အချိန်ပိုမှာ ဝေဒနာတွေနဲ့ပဲ နပန်းလုံးနေရတယ်။ အာရုံငါးပါးမှာ ဖောဋဗ္ဗာရုံက အဆိုးဆုံးပါလား။ အရိုး၊ အသား၊ အရေ၊ ကလီစာတွေအားလုံးက ဒုက္ခ ပေးနေတော့တာ။ ဒုက္ခဝေဒနာတွေလေ။ ကျုပ်နေကောင်းတုန်းက နာခဲ့ဖူးတဲ့ ဒုက္ခဝေဒနာတရားတော်တွေ၊ တရား ထိုင်ခဲ့ဖူးတဲ့ ဒုက္ခဝေဒနာတွေ ကျုပ်သတိတော့ရပါရဲ့။ လက်တွေ့မှာ ဝေဒနာလည်းခံစားရရော နာပြီးရင်း နာနေတာပဲ သိတော့တယ်။

 

*************

 

အနတ္တ အစိုးမရဆိုတာ တယ်မှန်ပါလား။ ကိုယ့်ခြေကိုယ့်လက်ကိုတောင် မသယ်နိုင်တော့တဲ့အခြေအနေမှာ လူဆက်ဖြစ်ခွင့်ရနေတာက တကယ်တော့ စိတ်ကုန်ဖို့တော်တော်ကောင်း။ ဆီးသွားချင်လို့ ပေါက်ချလိုက်ရတာက မထောင်းတာလှဘူး။ ဆီးပိုက်တပ်ထားတာကိုး။ ဝမ်းသွားချင်တဲ့အခါ ပြဿနာစတော့တာပဲ။ အရင်လို အိမ်သာခွက်ကို ဖင်အောက်ထိုးထည့်ဖို့ အဆင်မပြေတော့ဘူး။ သန့်ရှင်းရေးလုပ်ပေးနေတဲ့ သားတွေသမီးတွေကို အားနာပါရဲ့။ ဒါပေမဲ့ ဒီအတိုင်းပဲပါချလိုက်ရတာပေါ့။ ကျုပ် ဝမ်းသွားတဲ့အချိန်ကို သူတို့ကိုလည်း မပြောနိုင်၊ သူတို့ကလည်း မသိနိုင်။ ကျုပ်က ချေးနဲ့အီးနဲ့ နစ်နေတော့တာ။ ကျုပ်အခန်းက အနံ့မျိုးစုံနဲ့ဟောင်နေတယ်။

 

“အဖေ… ဆေးထည့်မယ်”

 

စပ်ဦးမယ်။ နာဦးမယ်။ ပြောမပြတတ်တဲ့ ဝေဒနာတွေ ခံစားရဦးမယ်။

သူတို့ ကျုပ်ကို ဘယ်ဘက်စောင်းလိုက်တယ်။ ကျိုးနေတဲ့ ဘယ်ခြေထောက်ပေါ် ညာခြေထောက်ကို တင်လိုက်တယ်။ မဆက်တော့တဲ့ ဘယ်ဘက်ပေါင်ထိပ်ရိုးက အသည်းခိုက်အောင် နာလိုက်သည့်ဖြစ်ခြင်း။ နှစ်ရက်တစ်ခါ ဆေးလာထည့်ပေးနေကျ ဆရာမက ကျုပ်ကျောပြင်က လက်တစ်ဝါးစာလောက်ရှိတဲ့ အိပ်ရာနာကိုကပ်ထားတဲ့ပတ်တီးတွေကို ခွာတယ်။ ညှီစို့စို့အနံ့ကို ရလိုက်သလိုပါပဲ။ အရက်ပြန်နံ့က ထောင်းခနဲ ထလာပြန်တယ်။ အနာပေါ်ကို လာထိတယ်။ စပ်လိုက်တာဗျာ။ ကျုပ်လေ အရှင်လတ်လတ် ငရဲကျနေသလိုပဲ။ နာကျင်လွန်းလို့အော်တဲ့အသံက လည်ချောင်းထဲမှာတစ်နေတယ်။ ကြွက်သားတွေလည်း အားယုတ်ကုန်ပြီ။ လူလည်း အားကုန်ပြီ။ ဒါပေမဲ့ မျက်စိထဲကစိမ့်ထွက်လာတဲ့မျက်ရည်စက ပူလောင်နေတာကိုတော့ ကျုပ်သိတယ်။

 

“ခြေမျက်စိအနာက ပေါ်နေတဲ့ ဖြူဖြူလေးက အရိုးပဲ၊ အဲဒီအနာက ပလာစတာကို ဂရုစိုက်ပါ၊ အဘကို တတ်နိုင်သလောက် ဟိုဘက်သည်ဘက် စောင်းစောင်းပေးပါ”

 

ကျုပ်အတွက် ဝေဒနာဒုက္ခတွေခံစားရမှာထက် သားသမီးတွေကို အပိုဒုက္ခတွေထပ်မပေးချင်တော့ဘူး။ ကျုပ်က ဝေဒနာဒုက္ခတွေကို မခံစားချင်တော့သလို သူတို့ကိုလည်း လူနာဒုက္ခတွေ မပေးချင်တော့ပါဘူး။

အောက်ဆီဂျင်အားကိုးနဲ့ အသက်မရှည်ချင်တော့ဘူး။ ကျုပ်နှာခေါင်းစွပ်ခွက်ကိုဖြုတ်ဖို့ ကြိုးစားလိုက်တယ်။ အရသာကင်းမဲ့တဲ့ ပိုက်နဲ့ အာဟာရမဖြစ်ချင်တော့ဘူး။ ကျုပ်အစာပိုက်ကို ဆွဲနုတ်ဖို့ ကြိုးစားလိုက်တယ်။ ဆီး၊ ဝမ်းကိစ္စနဲ့ ပတ်သက်ပြီး သူများကိုဒုက္ခမပေးချင်တော့ဘူး။ ကျုပ်ဆီးပိုက်ကို လှမ်းဖြုတ်ဖို့ကြိုးစားလိုက်တယ်။ ကျုပ်မှာ နောက်ထပ်ဖြုတ်ပစ်စရာ ဘာများကျန်သေးလဲ။

 

**************

 

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ရတာတဲ့။

ကျုပ် ကျုပ်မိန်းမကို သိပ်ချစ်တာပေါ့။ အနှစ်ခုနစ်ဆယ်လောက် ကောင်းတူဆိုးဖက်ပေါင်းလာခဲ့ကြတာ မချစ်ဘဲ ဘယ်နေပါ့မလဲ။ သူလည်း အိုမင်းမစွမ်းဖြစ်နေပြီး တောင်မင်းမြောက်မင်း မကယ်နိုင်ဘူးလေ။

ကျုပ်လည်ချောင်းထဲက တက်လိုက်ကျလိုက် ချွဲလျှောက်သံက ကိုယ့်ဘာသာကိုယ်တောင် ပြန်ကြားနေရတယ်။ အသက်တစ်ခါရှူရဖို့အရေး ပင်ပန်းလိုက်တာမပြောပါနဲ့တော့။ ချောင်းပါဆိုးလိုက်တော့ ပိုတောင်ဆိုးသေး။ ဒီကြားထဲ တစ်ခါတစ်ခါ ကြို့ထိုးလိုက်ရင် ရင်ဘတ်တစ်ခုလုံး အပ်ချွန်ချွန်နဲ့ထိုးလိုက်သလိုပဲ။ ဒီဝေဒနာတွေ ချုပ်ငြိမ်းသွားအောင် ကျုပ်ချစ်ခဲ့ဖူးတဲ့ဇနီးက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

ကျုပ်သားတွေကိုလား။ သိပ်ချစ်တာပေါ့ဗျာ။ ကျုပ်အတွက် “ကျား”မဟုတ်တဲ့ “အား”တွေလေ။ သူတို့ တတ်နိုင်တာက အနာတွေကို ဖန်ဆေး၊ ဆေးထည့် ဒီလောက်ပဲပေါ့။

 

နောက်ကျောမှာပေါက်နေတဲ့အိပ်ရာနာက တစ်နေ့တခြား ကြီးကြီးလာတယ်။ ညှီစို့စို့အနံ့က ဘေးလူမပြောနဲ့၊ ကျုပ်ကိုယ်ကျုပ်တောင် အော်ဂလီဆန်တယ်။ ကိုယ်ကို ဘေးတစောင်းလှည့်ပေးဖို့ နေရာပြင်ကြတော့လည်း ကျိုးနေတဲ့ခြေထောက်က အသည်းခိုက်အောင်နာလိုက်တဲ့ဖြစ်ခြင်း။ ဒီဝေဒနာတွေ ကင်းဝေးသွားအောင် ကျုပ်ချစ်ခဲ့ဖူးတဲ့သားတွေက ဘာများတတ်နိုင်ဦးမှာလဲ။

ကျုပ်သမီးတွေကိုလည်း ကျုပ် သိပ်ချစ်တာပေါ့ဗျာ။ သူတို့က ကျုပ်အတွက် “မီး”မဟုတ်တဲ့ “ထီး”တွေလေ။ အားကိုးရချက်။ သူတို့တတ်နိုင်သလောက် ပြုစုရှာပါတယ်။ ချေးသေးသုတ်သင်တာတို့၊ ချေးဝတ်သေးဝတ်တွေ လျှော်ဖွပ်တာတို့၊ အစာကျွေး ဆေးတိုက်တာတို့၊ ဘုရားစာတွေ ရွတ်ပေးတာတို့၊ တရားခွေတွေ ဖွင့်ပေးတာတို့၊ အိပ်ရာထဲလဲနေတာက လချီကြာရော့မယ်။ ဘယ်ဘက်လက်ကလွဲရင် ကျုပ်တစ်ကိုယ်လုံးက လူသေနဲ့ ဘာထူးလို့လဲ။ အကြောအခြင်တွေကလည်း ဆိုင်းကုန်ပြီ။ ကြွက်သားတွေကလည်း လျော့ရိလျော့ရဲဖြစ်ကုန်ပြီ။ အရေပြားတွေကလည်း ဖောင်းတဲ့နေရာတွေက ပူဖောင်းလေမှုတ်ထားသလိုမျိုး၊ ခြောက်တဲ့နေရာတွေက လယ်ကွက်ပပ်ကြားအက်နေသလိုမျိုး။ နည်းနည်းလေးနေရာမရွေ့လိုက်နဲ့၊ လှုပ်လိုက်တာနဲ့ အသည်းခိုက်အောင် နာလိုက်တာ။ ဒီဝေဒနာတွေလုံးပါးပါးသွားဖို့ ကျုပ်ချစ်ခဲ့ဖူးတဲ့သမီးတွေလည်း လက်မှိုင်ချရတာပဲ မဟုတ်လား။

ကျုပ်ကိုယ်ကျုပ်လည်း သိပ်ချစ်တာပေါ့။ ဒါပေမဲ့ ကျုပ်ခံစားနေရတဲ့ဒုက္ခဝေဒနာတွေကို အမြန်ဆုံးအဆုံးသတ်ချင်ပြီဗျာ။ ကျုပ်ပြောခဲ့ပြီးပြီလေ။ ကျုပ်ချစ်ခဲ့ဖူးတဲ့ ဇနီးနဲ့သမီးသားတွေက ကျုပ်ကို ကူညီနိုင်ကြမှာမဟုတ်ပါဘူးလို့။ အဲ… ကျုပ်ကို ကူညီနိုင်မဲ့သူက တစ်ဦးတည်းပဲရှိမယ်။

ကျုပ် မရဏမင်းကို ချစ်ဖူးချင်တယ်။ ။

မင်းအဂ္ဂ(ဆင်တဲဝ)

(၃၁-၃-၂ဝ၂ဝ ရက်တွင် မိသားစုအား ထာဝရခွဲခွာသွားသောအဖေသို့)