25
Feb

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ငွေတာရီမဂ္ဂဇင်း(ဝတ္ထုတို)

 

ဝါလစ်

 

ညနေရေခပ်ဆင်းချိန် ဝါလစ်ရဲ့ အသံကုန်ခြစ်ပြီးအော်လိုက်တဲ့အသံကြောင့်   ဝိုင်းထဲကလူတွေ ကျွန်တော်တို့အိမ်ဆီ အထိတ်တလန့် ပြေးလာကြတယ်။ ဘာပါလိမ့်ပေါ့။

“အမယ်လေး အော်လိုက်တဲ့ဝက်ကွာ၊ ငယ်သံကိုပါရော”

 

ကိုမိုးသူရဲ့ချီးကျူးစကား။

 

“ဝက်အပေါက်အဆက်လေးကတော့ မဆိုးဘူး၊ ဘယ်လောက်ပေးရလဲ အစ်ကိုကြီး”

 

ကိုလှကဲက ဝက်ပေါက်လေးကိုကြည့်ပြီး ပြုံးနေတဲ့အဖေ့ကိုမေးတယ်။

 

“ခြောက်ဆယ်တဲ့ကွာ၊ ကိုဒိုးလုံးက တစ်ကျပ်မှမလျှော့ဘူး”

 

အဖေ့စကားကြောင့်  ဝိုင်းကြည့်နေသူတွေ ‘ဟာ’ ‘ဟင်’တွေဖြစ်ကုန်ကြတယ်။

 

“ခြောက်ဆယ်တောင်ပေးရတာလား၊ ဝက်ပေါက်တစ်ကောင်မှ အစိတ်သုံးဆယ်ပဲရှိတဲ့ဟာကို”

 

ကိုလှကဲက  မယုံသလိုဆိုတယ်။

 

“ငါက  အဲဒါပြောနေတာလေ၊ အိမ်ကဟာကြီးက ဝယ်ချင်ရင် ဘေးမကြည့် ရန်မကြည့်နဲ့၊ မပြောချင်ဘူး…ဟွန့်”

 

အမေက မဲ့ကာရွဲ့ကာဝင်ပြောတယ်။ အဖေကတော့ ဘာဖြေရှင်းချက်မှမပေးဘဲ ရယ်နေတယ်။

 

ဝက်က အပေါက်အဆက်ကောင်းသလို အစားကလဲကောင်းမှကောင်းပဲဗျို့။ ရောက်စနေ့ကတော့ အော်လိုက်တာ နားမခံသာအောင်ပဲ။ မောတော့ အော်တာရပ်ပြီး လက်နှစ်ဖက်ပေါ်မေးတင်ကာ စိတ်ပျက်လက်ပျက်ဟန်နဲ့  မှေးနေရှာတယ်။ အမေထည့်ကျွေးတဲ့အစာတွေကိုလဲ မစားဘူး။ မနက်စောစောကျတော့ ထပ်အော်ပြန်ရော။

 

“ဟယ် … ဒီဝက်ကလဲ အော်လိုက်တာ နားကိုငြီးရောဟယ်”

 

အမေက စိတ်မရှည်တဲ့အသံနဲ့ပြောပြီး အစာထပ်ကျွေးတယ်။ ဒီအခါကျ ဝက်လေးကထစားတယ်။  အဲဒီကစပြီး ဒီအိမ်ကို  သူ့အိမ်အဖြစ်  သတ်မှတ်လိုက်ပုံရတယ်။ အစာစားပြီးတော့ အိပ်တယ်။ နေ့လယ်ပိုင်းမှာ ချည်ထားတဲ့ကြိုးကိုဖြေ ပေးတော့ ဟိုလျှောက်ဒီလျှောက်လုပ်တယ်။ နှာခေါင်းကတရှူးရှူးနဲ့နမ်းရင်း စူးစမ်းတယ်။

 

“ဒီကောင်က အရောင်ဝါဝါနဲ့မို့ ဝါလစ်လို့နာမည်ပေးရမယ်ကွ”

 

အစ်ကိုဝင်းမြင့်ကဆိုတယ်။ ဝက်ကလေးကိုလဲ ဝါလစ်…ဝါလစ် နဲ့ခေါ်ကြည့်တယ်။ အစပိုင်းတော့ ဝက်ကလဲ သူ့ကို ဒီနာမည်ပေးမှန်း သိသေးဟန်မတူဘူး။ ခေါ်ဖန်များတော့မှ ‘ဂိ…ဂိ’နဲ့ တုံ့ပြန်လာတယ်။ ကျွန်တော်တို့ကလဲ ဝိုင်းခေါ်ပေးတာကြောင့်လည်းပါမယ်။ ဒီလိုနဲ့ ဝါလစ်ဟာ ကျွန်တော်တို့အိမ်မှာ ဝက်တွင်ကျယ်ဖြစ်လာပါတော့တယ်။ ဝါလစ်ရောက်လာတာက ဆောင်းဦးပေါက်လေ။  သူ့ကိုသိပ်တာက  အိမ်ရှေ့မန်ကျည်းပင်အောက်က  နွားချေးခြောက်တွေ ပုံထားတဲ့နေရာ။ ဒီကောင်က လွှတ်ဆော့တာဗျ။ စွာလဲစွာတယ်။ မနက်စောစော ကျွန်တော်တို့ နေပူဆာလှုံနေချိန်မှာ ဒီကောင်နဲ့ကုပ်ကျားတို့ လိုက်တမ်းပြေးတမ်းဆော့တာများ ဖုန်တွေတလုံးလုံးနဲ့လေ။ စောင်ခြုံလေးနဲ့ထိုင်ပြီး နေပူဆာလှုံနေတဲ့ ဘကြီးမောင်တင့်ခမျာ ဝါလစ်နဲ့ကုပ်ကျားကြောင့် “ဟာ… ငါ့လခွမ်းတဲ့မှပဲ”ဆိုပြီး မတ်တတ်ထရပ်ရတာ ခဏခဏ။

 

ဒီလိုဆောင်းတွင်းမှာ ရွာဓလေ့အတိုင်း ပဲစေ့ညိုညိုလေးနဲ့ ကောက်ညှင်းပေါင်းတတ်ကြတယ်။ ပဲအညိုနဲ့  ကောက်ညှင်းအဖြူတို့ရောစပ်ပြီး အရောင်ကနီစွေးစွေးနဲ့။ ကျွန်တော်တို့ကလေးတွေကို လူကြီးတွေက ဆီနဲ့ဆားရောထားတဲ့ခွက်ထဲ လက်နှစ်ပြီး  ကောက်ညှင်းဆုပ်တယ်။ အဲဒီကောက်ညှင်းဆုပ်တွေကို ကျွန်တော်တို့ကို တစ်ယောက်တစ်ဆုပ်စီပေးတယ်။ နေပူဆာလှုံရင်း  ကောက်ညှင်းဆုပ်စားရတာ အရသာတယ်ရှိသကိုး။ အဲ … ဝါလစ်ရောက်လာချိန်မှာတော့ သတိထား စားရပြီဗျို့။

 

ထောင်းလမောင်းထအောင် ဆော့ကစားနေတဲ့ ဝါလစ်နဲ့ကုပ်ကျားက ပြေးရင်းလွှားရင်း ကျွန်တော်တို့ရဲ့ကောက်ညှင်းဆုပ်ကို တိုက်ချသွားတတ်လို့လေ။ သတိထားတဲ့ကြားက တိုက်ချတာခံရရင် သိပ်စိတ်တိုတာပဲ။ ဝါလစ်ကလဲ သိတယ်။ တိုက်ချပြီးတာနဲ့ လူကလိုက်မရိုက်ခင် တန်းလစ်တော့တာပဲ။ ကျွန်တော်တို့မှာ ဒီဝက်လည်ကိုကြည့်ပြီး စိတ်ဆိုးရခက်၊ ရယ်ရခက်ပေါ့။ သူက လူလဲ အလွန်ခင်တယ်။ လူစုစုရှိရင် သူရောက်လာပြီ။ နှာခေါင်းနဲ့ ဟိုလူထိုး ဒီလူထိုးနဲ့။

 

“ဟာ … ဒီဝက်ကလဲ ဘယ်လိုလဲဟ”

 

အမေကအော်ပြီး  နောက်ကျောကို   လက်ဝါးနဲ့ရိုက်တယ်။ ဝါလစ်ကမဖြုံဘူး။

 

“ဒီကောင်က ဇိမ်ခံတာကွ၊ ပွတ်ပေးလိုက်”

 

အဖေကပြောတယ်။ အမှန်ပဲ။ သူ့ဝမ်းဗိုက်ကိုပွတ်ပေးတော့ ဝါလစ်က  ဂိဂိနဲ့မြည်ပြီး  လှဲချတယ်။ ကျွန်တော်တို့ပွတ်ပေးသမျှကို မျက်လုံးလေးမှေးပြီး ဇိမ်ခံတယ်။ ခဏခဏအပွတ်ခံချင်နေတော့ ကျွန်တော်တို့က ကြာရှည်ကျ စိတ်မရှည်တော့ဘူး။ ဒီတော့ ဘာလုပ်လဲသိလား။ “ဝါလစ် … လာ … လာ” လို့ခေါ်ပြီး တံစက်မြိတ်ရေမြောင်းပေါင်ပေါ်မှာ ပွတ်ပေးတယ်။ တဂိဂိမြည်ရင်း ခြေကားရားလက်ကားရားနဲ့ မျက်လုံးမှေးပြီး  ဇိမ်ခံနေတဲ့ဝါလစ်ကို တံစက်မြိတ်ပေါင်ပေါ်ကနေတွန်းချလိုက်တော့တာပဲ။  ဝါလစ်က ဂိခနဲအော်ပြီးကျရာက ထလိုက်တတ်တာမို့ ကျွန်တော်တို့က တွန်းချပြီးတာနဲ့ ပြေးဖို့လဲပြင်ထားရတယ်။ ဒီနည်းနဲ့ ဝါလစ်ကို စပြီးရယ်ရတာ ခဏခဏပဲ။

 

“မလုပ်ပါနဲ့ကွာ၊  သူ့ခမျာ သနားစရာ”

 

အဖေကတားပေမဲ့  ဝါလစ်လိမ့်ကျတာ ရယ်စရာကောင်းလှတာမို့ ကျွန်တော်တို့ကတော့ မကြာခဏ စတတ်တယ်။ ဝါလစ်ကလဲ ခံရဖန်များတော့ ပါးသွားတယ်။ ကျွန်တော်တို့ခေါ်တိုင်း မလာတော့ဘူး။ ဒါပေမဲ့ နေရာတိုင်းမှာပါတတ်တော့ တစ်ခါတလေ  မျက်စိနောက်တာတော့ အမှန်ပဲ။ ဒီတော့ ဘာလုပ်လဲဆိုတော့ သူ့ကိုစောစောသိပ်တာပေါ့။ ညနေဆို  နေတောင်မစောင်းသေးဘူး ကျွန်တော်က ဝါလစ်…လာ…လာလို့ခေါ်ပြီး သူ့အိပ်ရာဆီလာတယ်။ ဝါလစ်က တဂိဂိနဲ့ နောက်ကလိုက်လာတယ်။ သူ့ဝပ်ကျင်းရောက်တော့ ဝါလစ်ဗိုက်ကိုပွတ်ပေးတယ်။ ဝါလစ်က ဂိဂိနဲ့အော်ပြီးလှဲချလိုက်တော့ ပွတ်ပေးနေရင်းက သူ့ကျောပေါ်ကို နွားချေးခြောက်မှုန့်နည်းနည်းဖြူးပေးလိုက်တယ်။ ဒါဆို ဝါလစ်က သူ့ကိုအိပ်ခိုင်းမှန်းသိပြီ။ ပါးစပ်က ဂိဂိနဲ့အော်ရင်း  မျက်လုံးကိုမှိတ်ထားတယ်။ ဒီတော့မှ ကျွန်တော်က သူ့အပေါ် ဖျာစုတ်ကလေးအုပ်ပေးထားလိုက်ရင် ဒီတစ်ညမှာတော့ ဝါလစ် ထမလာတော့ဘူး။  အဲဒီလောက် အကင်းပါးတဲ့ကောင်ဗျ။

 

ကျွန်တော့်အဖေက လေးရွာသူကြီးပါ။ ဒါ့ကြောင့် ဧည့်သည်က မပြတ်ဘူး။ တစ်ညမှာ စစ်ဗိုလ်လေးတစ်ယောက်နဲ့  စစ်သားလေးငါးယောက် အဖေနဲ့တွေ့ဖို့ရောက်လာကြတယ်။ လာတာက ညပိုင်းမှာ။ အဖေက သူတို့ကို အိမ်ရှေ့မှာဖိုထားတဲ့မီးဖိုနားမှာ  ဧည့်ခံစကားပြောတယ်။ စစ်သားတွေကလဲ ချမ်းလို့ထင်ရဲ့၊ မီးဖိုနံဘေးဝိုင်းထိုင်ကြလို့ပေါ့။  အဲဒီမှာ  တစ်ယောက်က မန်ကျည်းပင်အောက်ကဖျာစုတ်ကို သွားဆွဲပြီးထိုင်တယ်။ တစ်ခါတည်း ဝါလစ်က တဂိဂိနဲ့ထလာပြီး အဲဒီစစ်သားကို နှာခေါင်းနဲ့ထိုးတော့တာပဲ။

 

“ဟဲ့ … ဝက်…ဟဲ့ …ဝက်၊ ဟ … ဦးလေးလုပ်ပါအုံးဗျ”

 

စစ်သားက အော်တော့      အဖေကဝင်ခြောက်တယ်။ ဝါလစ်က မရဘူး။ နှာခေါင်းနဲ့အတင်းထိုးတာပဲ။

 

“ဟကောင်… မင်းက သူ့စောင်ကိုသွားယူတာကိုး၊ ဒါ့ကြောင့် နှာခေါင်းနဲ့လာထိုးနေတာ၊ သွားပြန်ခြုံပေးလိုက်”

 

စစ်ဗိုလ်က  အခြေအနေကို သဘောပေါက်သွားပုံနဲ့  ရယ်ရင်း စစ်သားကိုအမိန့်ပေးတယ်။ စစ်သားက ဝါလစ်ကိုခေါ်ပြီးသိပ်၊ အပေါ်က ဖျာစုတ်အုပ်ပေးလိုက်မှ ဝါလစ်က ငြိမ်သွားတော့တယ်။  အဖေတို့ကတော့ ဝါလစ်လုပ်ပုံကိုပြန်ပြောရင်း တဟားဟားရယ်ကြတယ်။ စစ်ဗိုလ်က “တော်တော်လည်တဲ့ဝက်ပဲ”လို့ မှတ်ချက်ချတယ်။ အဖေက ဝါလစ်လည်ပုံတွေပြောပြတော့ ရယ်ကြတာ တသောသောနဲ့လေ။

 

အဲဒီနွေဦးပေါက်မှာ  ကျွန်တော်တို့ညီအစ်ကိုတွေကို အဖေနဲ့အမေက ရှင်ပြုပေးတယ်။ ကျွေးတာက ဝက်သားဒံပေါက်။ ကျွန်တော်တို့ကတော့ ရှင်ပြုပွဲမစခင် တစ်လလောက်ကတည်းက အတွေးနဲ့ပျော်နေကြပြီ။ ဘုန်းကြီးကျောင်းကို ညပိုင်းသွားပြီး သင်္ကန်းတောင်းကျက်ရတာကလဲ အတွေ့အကြုံသစ်တစ်ခုပေါ့။ ရှင်ပြုပွဲမတိုင်ခင် တစ်ပတ်လောက်အလိုမှာ အိမ်ရှေ့မှာမဏ္ဍပ်ထိုး၊ အိမ်နောက်မှာ ထမင်းရုံထိုးပေါ့။ လူတွေကလဲ အဲဒီကတည်းက ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေတာ။  အလှူအဝင်ညကတည်းက ဝါလစ်ပျောက်သွားတော့တယ်။ အဖေတို့ကလဲ အလုပ်ရှုပ်နေတော့ သတိမထားမိဘူး။ အဲဒီရက်မှာ ဝါလစ် အစာလာမတောင်းဘူး။ အလှူပြီးတဲ့ညနေရောက်မှ ဝါလစ် အစာလာမတောင်းတာ သတိရပြီး “ဟဲ့…ဝါလစ်မရှိတော့ဘူး၊ ရှာကြပါအုံး”ဖြစ်ကြတာ။ လိုက်ရှာတော့  တစ်အိမ်ကျော်က ဦးထွန်းမောင်အိမ်နောက်က   နွားချေးခြောက်အမှိုက်ပုံထဲမှာ အိပ်လျက်တွေ့ရတယ်။ “လာ…လာ” ဆိုပြီး မှန်အိမ်ရှေ့ကပြပြီးခေါ်မှ ဝါလစ်က တဂိဂိနဲ့လိုက်လာတယ်။ အမေက အစာကျွေးတော့ ခေါင်းကိုဘယ်ညာခါယမ်းပြီး တပြုတ်ပြုတ်အသံထွက်အောင် စားလိုက်တာ။ အစာမစားရတာ တစ်နေ့နဲ့တစ်ညရှိပြီကိုး။ ဆာနေမှာပေါ့။ ဒီအကြောင်း အမေက သတိရတိုင်းပြောရင်း သေမှာကြောက်လွန်းလို့ အစာအငတ်ခံပြီး တခြားအိမ်သွားရှောင်နေတဲ့ ဝါလစ်ကို သနားစိတ်နဲ့ မျက်ရည်ကျလေ့ရှိတယ်။  ဝါလစ်ကိုသွားရှာပြီးခေါ်လာခဲ့တဲ့ ကိုမြငွေကတော့ “ကျုပ်အပြစ်ပါဗျာ၊  အလှူအဝင်နေ့က  ဝါလစ်ကို  အလှူဝက်သားမလောက်လို့ကတော့ နင့်အလှည့်ပဲလို့ပြောမိတာဗျ၊  အဲဒီနောက် ဒီကောင်ပျောက်သွားတာပဲလေ”လို့ပြောတယ်။

 

ဝါလစ်ဟာ ကျွန်တော်တို့နဲ့ ပူးပူးကပ်ကပ်နေလို့လားမသိဘူး၊ လူစကားကိုနားလည်သလို လူတွေရဲ့အရိပ်အကဲကိုလဲ  သိတယ်ဗျ။ အကျင့်ကလဲသိပ်မကောင်းဘူး။

 

ကျွန်တော်တို့အိမ်ခေါင်းရင်းမှာ ဆရာဦးစံရှိန်ပိုင်တဲ့ခြံလွတ်တစ်ခုရှိတယ်။ မိုးတွင်းဆို ဦးစံရှိန်က အဲဒီခြံထဲမှာ ပြောင်းဖူးတွေကြဲထားလေ့ရှိတယ်။   ခါတိုင်းနှစ်တွေမှာ ဘာအနှောင့်အယှက်မှမရှိခဲ့ပေမဲ့ ကျွန်တော်တို့အိမ်ကို ဝါလစ်ရောက်လာချိန်မှာတော့ ဦးစံရှိန်တို့ ဒုက္ခရောက်ပြီပေါ့။ ပထမတော့ အားလုံးက ဝါလစ်ပြောင်းဖူးခိုးစားတာကို မသိကြဘူးဗျ။ ဒီကောင်ကလဲ ခိုးတာ ပိရိသလားမမေးနဲ့။ ပြောင်းဖူးကို အခင်းထဲမှာတင်မစားဘူးဗျ။ ပတတ်ရပ် ဆွဲလှဲပြီး အပင်ကို အိမ်အောက်အထိချီလာပြီးမှစားတာ။ ဝါလစ်က မိုးတွင်းပိုင်းရောက်တော့ သူရောက်ခါစကအိပ်ခဲ့တဲ့ မန်ကျည်းပင်အောက်က နွားချေးတောမှာ မအိပ်တော့ဘူး။  အိမ်အောက်ကို ပြောင်းပြီးအိပ်တယ်လေ။  ကျွန်တော်တို့အိမ်က  နှစ်ထပ်အိမ်။ အပေါ်ထပ်မှာလူနေပြီး အောက်ထပ်မှာ ဝါးကြမ်းခင်းနဲ့ စင်တစ်ခုထိုးထားတယ်။ စင်ပေါ်မှာ စပါးထည့်တဲ့ ပုတ်တွေရှိတယ်လေ။ စင်နဲ့မြေကြီးက ကျွန်တော်တို့ကလေးတွေတောင် ငုံ့ဝင်ရလောက်အောင်နိမ့်တယ်။ ဒါ့ကြောင့် အိမ်အောက်မှာ ဝါလစ်က ပြောင်းဖူးတွေခိုးလာပြီးစားနေတာကို ကျွန်တော်တို့မသိတာအမှန်ပါ။ ဦးစံရှိန်ကလာတိုင်မှ အိမ်အောက်ငုံ့ကြည့်မိတော့ လား…လား…ပြောင်းဖူးပင်တွေ မနည်းမနောပါလား။

 

“ဒီကောင် ဒီအတိုင်းထားလို့မဖြစ်ဘူး၊ ကြိုးချည်ထားမှရမယ်”လို့ပြောပြီး  အဖေက ဝက်စာခေါင်းနားကတိုင်မှာ ဝါလစ်ကိုကြိုးချည်ထားတယ်။ ဝါလစ်ကတော့ အေးဆေးပဲ။ ဘာမှရုန်းတာကန်တာမရှိဘူး။ ကြိုးချည်ထားလျက်က အစာထစားတယ်။ စားပြီး ဘူမိကမ္ဗလာမြေမွေ့ရာပေါ်မှာပြန်အိပ်တယ်။ မျက်လုံးတွေတောင်မှိတ်ထားသေး။ သူ့ပုံက ခင်ဗျားတို့အထင်လွဲနေတာပါ၊ ကျုပ်မဟုတ်ပါဘူးဗျာဆိုတဲ့အချိုး။

 

မနက်ပိုင်းတစ်ပိုင်းလုံး ကြိုးချည်ထားပြီး  နေ့လယ်ကျတော့ အဖေက  ဝါလစ်ကိုကြိုးဖြေပေးတယ်။

 

“ဒီကောင် ကြိုးညောင်းနေလိမ့်မယ်၊ ပြောင်းဖူးခင်းထဲမသွားရအောင် မင်းစောင့်ကြည့်ထား”

 

အဖေက ကျွန်တော့်ကို စောင့်ကြည့်ဖို့တာဝန်ပေးတယ်။ ဝါလစ်ကတော့ အေးဆေးပဲ။ သူ့အကျင့်အတိုင်း တံစက်မြိတ်မှာ သေးသွားပေါက်ပြီး ပြန်လာအိပ်တယ်။ အနီးကပ်ကြည့်တော့ သူကောင်းသားက မျက်လုံးတောင်မှိတ်ထားသေးဗျ။ အိပ်နေပြီဆိုတဲ့သဘော။

 

ဝက်တစ်ကောင်ရဲ့အယုံသွင်းမှုကို နားယောင်မိတဲ့ကျွန်တော့်မှာ အဖေ့ရဲ့အဆူအပူအကြိမ်းအမောင်းကို  မျက်ရည်တောက်တောက်ကျအောင် ခံရတော့တာပဲဗျာ။ ဝက်အိပ်နေတယ်ဆိုပြီး အိမ်ပေါ်တက် ထမင်းကြမ်းလေးစားနေတုန်း အိမ်ခေါင်းရင်းက ဆူဆူညံညံအသံတွေကြားလိုက်ရတော့တာပဲ။ ဆင်းကြည့်လိုက်တော့ ဝါလစ်က ပြောင်းဖူးပင်ကြီးကိုက်ပြီး ရှေ့ကပြေးလို့၊ နောက်က ဦးစံရှိန်က တုတ်တစ်ချောင်းနဲ့လိုက်ရိုက်လို့။ ဘယ်အချိန်က ဟိုဘက်ခြံထဲ ကူးသွားလဲမသိပါဘူးဗျာ။ ခဏလေးအတွင်းမှာ တစ်ဖက်ပြောင်းဖူးခင်းထဲရောက်သွားပြီး ပြောင်းဖူးပင်ကို ကိုက်ချီနိုင်အောင်ကိုမြန်တဲ့ ဝါလစ်ပါဗျ။

 

အစားကကြမ်းသလို အစားလဲရွေးသေးတာဗျ။ မကြိုက်တာ လာကျွေးလို့ကတော့ ဝက်စာခေါင်းကို မှောက်ပစ်ပြီသာမှတ်။ အမေက နှုတ်သီးရိုက်လဲ ရိုက်ရိုက်ပဲ။ အစာကျွေးချိန် မကျွေးရင်လဲ တစ်ဝိုင်းလုံး ဆူညံသွားအောင်ကိုအော်တာ။

 

တစ်ခါတလေကျ လူတွေလဲ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတော့  ဝါလစ်ကို မေ့နေတတ်ကြတယ်။ အထူးသဖြင့်  ညပိုင်း  ရေဒီယိုက ဇာတ်လမ်းပမာနားဆင်စရာတို့၊ ဘဝကြေးမုံဇာတ်လမ်းစုံတို့ကို ဝိုင်းနားထောင်နေချိန်မှာ ဝါလစ်ကိုမေ့ နေတတ်ကြတယ်။  ဇာတ်လမ်းပြီးမှ အမေက –

 

“ဟဲ့ … မေ့နေလိုက်တာ၊ ဝါလစ်ကော အိမ်အောက်ရှိရဲ့လားမသိပါဘူး၊ ဟဲ့…ဝါလစ်”လို့ လှမ်းခေါ်ကြည့်တယ်။ အမေက ဒီလိုလှမ်းခေါ်လိုက်ရင် ဝါလစ်က အိမ်အောက်ကနေ ဂိ…ဂိနဲ့အသံပေးလေ့ရှိတယ်။ ကျွန်တော်တို့မှာ  ညရောက်ရင်  တစ်ယောက်ပြီးတစ်ယောက် “ဝါလစ်…ဝါလစ်”လို့ လှမ်းခေါ်ပြီး စရ၊ ရယ်ရတာ  ပြက်လုံးတစ်ခုလိုကိုဖြစ်လို့။

 

ရွာမှာက အိမ်တိုင်းလိုလို ခွေးမွေးထားလေ့ရှိတယ်။ ဒါ့ကြောင့် တစ်အိမ်အိမ်ကိုသွားတော့မယ်ဆိုရင်  “ခွေးကြည့်ပါအုံး”ပြောကြတာ သဘာဝပဲ။ အဲ… ကျွန်တော်တို့အိမ် လာတဲ့လူတွေကျမှ  “မမမြသိန်းရေ…ဝက်ကြည့်ပါအုံး”တဲ့။ ရယ်စရာပြောတာမထင်နဲ့ဗျ၊ တကယ်ပြောရတာ။ ဝါလစ်က လူစိမ်းဆို မျက်ထောင့်နီကြီးနဲ့ကြည့်နေပြီး ‘ဂိ’ခနဲ အော်ပြီးလိုက်တော့တာကိုး။ အေးမြဆိုတဲ့ကောင်မလေး ကျွန်တော်တို့အိမ်နောက်က  ခွေးတောက်ပင်တက်ဖို့လာတာ ဝါလစ်က မျက်ထောင့်နီနဲ့ကြည့်နေတာ  သတိမထားမိဘူး။ ဟိုက ‘ဂိ’ခနဲအော်ပြီးလိုက်တော့မှ“အမယ်လေး…ဂျီးမြသိန်းရဲ့၊ လုပ်ပါအုံးတော့”လို့ အကူအညီတောင်းပြီး အိမ်ကိုပတ်ပြေးနေရတာ။ ဝါလစ်ကလဲ  သူ့ခန္ဓာကိုယ်ကြီးနဲ့မလိုက်အောင်  မြန်မှမြန်ဗျာ။  အမေက       “ဟဲ့ … ဝါလစ်၊ ရပ်စမ်း … ရပ်စမ်း” နဲ့အော်၊  ကျွန်တော်တို့က  ဝိုင်းပြီးခြောက်လိုက်မှ  အလိုက်ရပ်သွားတာ။ အေးမြဆို  မျက်ရည်တွေကျပြီး ဟောဟဲကိုလိုက်လို့။

 

တစ်ခါက  ခင်ဇော်ဆိုတဲ့ကောင်လဲ ဒီလိုပဲ အမှတ်တမဲ့ဝင်လာတာ။ ဝါလစ်က ‘ဂိ’ခနဲအော်ပြီး လိုက်တာ ဟိုကောင့်ခမျာ ငယ်သံပါအောင်အော်ပြီးပြေးရတဲ့အထိပဲ။ အဲဒီလိုတွေဖြစ်ပြီးချိန်ကစပြီး ကျွန်တော်တို့အိမ်လာမဲ့သူတွေ  အရမ်းမလာရဲတော့ဘူး။ အိမ်ပေါက်ဝကနေ “ဂျီးမြသိန်းရေ …  ဝက်ကြည့်ပါအုံး” လို့အော်ရတော့တယ်။ ကျွန်တော်တို့မှာတော့ ရယ်ရတာလေ။ တစ်ရွာလုံး နာမည်ကြီးသွားတာပေါ့။

 

ဒါပေမဲ့ ဝါလစ်နဲ့ကျွန်တော်တို့ရဲ့ပဋ္ဌာန်းဆက်ဟာ မိုးကုန်ချိန်မှာ ကုန်ဆုံးသွားတော့တယ်။ ဝါလစ်ကို ရောင်းချိန်တန်ပြီလေ။

 

“ကဲ … ဝါလစ်ကို ကံသာရွာ မင်္ဂလာဆောင်အတွက်တဲ့ လာကြည့်နေပြီ၊ ဘယ်လိုလဲ”

 

ခပ်လေးလေးမေးလိုက်တဲ့ အဖေ့အမေးကို ပြန်ဖြေနိုင်တဲ့သူမရှိကြဘူး။ အမေက ဆေးပေါ့လိပ်ကြီးဖွာရင်း ငိုင်နေတယ်။

 

“ဝက်ဆိုတာ ရောင်းဖို့မွေးတာပဲလေ၊ အခု ဝါလစ်က ၆ လ တောင်ကျော်နေပြီ၊ သံယောဇဉ်တွယ်လို့ မရောင်းဘူးဆိုတာလဲ မဖြစ်သင့်ဘူးထင်တယ်”

 

အဖေက  ထပ်အဆိုတင်တယ်။ “ကျုပ်တို့အရင်ကလဲ ဝက်တွေမွေးခဲ့တာပဲ၊ အချိန်တန်ရောင်းလိုက်တာပဲ၊ အခု ဝါလစ်ကျမှ ခက်နေတာပေါ့တော်”

 

အမေက ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်ရင်းက  မျက်နှာမသာမယာနဲ့ဆိုတယ်။ အမေ့လိုပဲ ကျွန်တော်တို့ကလဲ ဖြစ်နိုင်ရင် ဝါလစ်ကိုမရောင်းစေချင်ဘူး။   လူနဲ့ဝက်ကြားက သံယောဇဉ်ကြိုးက အတော်ခိုင်နေပြီလေ။ ဒါပေမဲ့ ဘယ်လိုပဲ သံယောဇဉ်ရှိပါတယ်ပြောပြော အဖေပြောသလို ဝက်ဆိုတာ ရောင်းဖို့မွေးလာတာပဲမဟုတ်လား။ ဒီတော့ ကျမျက်ရည် အသာသုတ်ပြီး ဝါလစ်ကိုရောင်းဖို့လုပ်ရတာပါပဲ။

 

မှတ်မိသေးတယ်။ ဝါလစ်ကိုဝယ်မဲ့ ကိုခင်ညိုတို့တွေ လာဖမ်းတဲ့အချိန်က  ညပိုင်းလဆန်းရက်မို့ လသာနေတယ်။ အမေနဲ့ကျွန်တော်တို့ အိမ်နောက်ဘက်က ဘညီပုအိမ်မှာ သွားရှောင်နေကြတယ်။ ဝါလစ်ရဲ့နောက်ဆုံးခရီးကို ဘယ်သူမှမမြင်ချင်ကြဘူး။ ပြောသာပြောရ အသံပြဲလွန်း၊   အသံအောင်လွန်းလှတဲ့ ဝါလစ်ရဲ့အော်သံကိုတော့ ဘညီပုအိမ်က ကောင်းကောင်းကြားနိုင်တယ်လေ။

 

သားအမိတစ်တွေ စကားသံတိတ်ဆိတ်စွာနဲ့ ဝါလစ်ရဲ့ အသံကုန်ခြစ်ပြီးအော်မဲ့အသံကို တထိတ်ထိတ် နားစွင့်နေပေမဲ့  ကိုခင်ညိုတို့လှည်း ပြန်ထွက်သွားသံပဲ  ကြားလိုက်ရတယ်။ ဝါလစ်အော်သံ မကြားလိုက်ရဘူး။

 

“ဟဲ့ … ဝါလစ်ကိုမဖမ်းသွားဘူးလားပဲ၊ အသံမကြားဘူး”

 

အမေက  ခြောက်ကပ်တဲ့အသံနဲ့ ခပ်တိုးတိုးပြောတယ်။

 

“ဟုတ်တယ်အမေ၊ ဝါလစ်ကို မရောင်းဖြစ်ဘူးလားမသိဘူး”

 

ကျွန်တော်က ဝမ်းသာအားရလေသံနဲ့ ပြောလိုက်တယ်။ ညီအစ်ကိုနှစ်ယောက် ဘာရယ်မဟုတ် လက်ချင်းတောင်ဆုပ်လိုက်မိသေး။ ဈေးမတည့်လို့ မရောင်းဖြစ်ရင်လဲ ကောင်းတာပဲလေ။ ဝါလစ်နဲ့ဆော့ကစားနိုင်အုံးမှာမဟုတ်လား။

 

“ဟဲ့ … မြသိန်း … မြသိန်း”

 

အဲဒီအချိန်မှာ အဖေက အိမ်နောက်ဖေးထွက်လာပြီး အမေ့ကို လှမ်းခေါ်တယ်။  ကျွန်တော်တို့ တထိတ်ထိတ်နဲ့ အိမ်ပြန်သွားကြတာပေါ့။ အိမ်ရှေ့ကတန်းလျားပေါ် မှာ အဖေတစ်ယောက်တည်းထိုင်လို့ လက်ထဲမှာငွေစက္ကူတွေနဲ့။

 

“တော်တော်အစားငမ်းတဲ့ကောင်ကွာ၊ လှည်းပေါ်က ခင်ညို ခြွေချပေးတဲ့ ပြောင်းဖူးစေ့လေးစားရင်း လှည်းနောက်ကပါသွားလေရဲ့၊ လှည်းပေါ်ဖမ်းတင်စရာတောင်မလိုဘူး၊ အံ့ရော”

 

အဖေက ဝါလစ်ရောင်းရငွေတွေကိုကမ်းပေးရင်း အသက်မပါတဲ့ ရယ်သံခပ်ခြောက်ခြောက်နဲ့ဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ မရောင်းဖြစ်ဘူးထင်ပြီး   ဝမ်းသာနေရာကနေ ဝမ်းနည်းစိတ်ဖြစ်သွားတာလေ။

 

“အဲတော်…ကျုပ် သူ့လာဖမ်းမှာအာရုံရောက်ပြီး စိတ်မကောင်းဖြစ်နေတာနဲ့ အစာမကျွေးလိုက်မိဘူး၊ သူကလဲ သူ့အခြေအနေသိလို့လားမသိဘူး၊  ဒီညနေ  အစာမတောင်းဘူးလေ”

 

အမေက လက်ခုံနဲ့မျက်ရည်သုတ်ရင်း ဆိုတယ်။ တကယ်ပဲ ခါတိုင်း အစာစားချိန်မှာမစားရရင် အသံကုန်ခြစ်အော်၊ ဝက်စာခေါင်းကို နှုတ်သီးနဲ့ထိုးလှန်ပြီးဆန္ဒပြတတ်တဲ့ ဝါလစ်ဟာ သူ့ရဲ့နောက်ဆုံးခရီးကို သွားရမယ်မှန်း  သိဟန်တူတယ်။ ဒီညနေမှာအစာမတောင်းဘဲ ရှေ့လက်နှစ်ဖက်ပေါ်ခေါင်းတင်ပြီး ငြိမ်နေခဲ့တယ်လေ။

 

“ဘယ်တတ်နိုင်မလဲဟာ၊ သတ္တဝါတစ်ခု ကံတစ်ခုပေါ့”

 

အဖေက ပြောရင်းပြောရင်း အဝေးကိုငေးနေတယ်။ ကျွန်တော်ကတော့ ဝါလစ်ရဲ့ ကြေကွဲဖွယ်ရာ နောက်ဆုံးခရီးကိုပဲ  ဆို့ဆို့နင့်နင့်တွေးနေမိတယ်။ ညီလုပ်သူက မျက်ရည်စီးကြောင်းတွေနဲ့ တိတ်ဆိတ်လို့။

 

သြော် … ရောက်လာတဲ့နေ့တုန်းက အသံကုန်ခြစ်အော်ပြီး သူရောက်လာကြောင်းကြေညာခဲ့တဲ့ ဝါလစ်ဟာ ဒီအိမ်ကပြန်အထွက်မှာတော့ ဘာသံမှမပေးဘဲ တိတ်တိတ်ဆိတ်ဆိတ်လေး ထွက်သွားတယ်ဆိုပါလား။ သူ့ဘဝ သူဝမ်းနည်းလွန်းလို့ အသံမထွက်နိုင်အောင် ကြေကွဲသွားတာလား။ ဒါမှမဟုတ် သာမန်ဝက်တစ်ကောင်ထက်ပိုတဲ့ သံယောဇဉ်မျိုးနဲ့ အိမ်သားတွေကို ပူးပူးကပ်ကပ်ဆက်ဆံခဲ့ပေမဲ့ အချိန်တန်တော့လဲ ဝက်ဆိုတာ ရောင်းစားရတဲ့ သတ္တဝါပဲဆိုတဲ့အသိနဲ့ သူ့အပေါ်ရက်စက်ခဲ့တဲ့ကျွန်တော်တို့ကို စိတ်နာလွန်းလို့ အသံတောင်မပေးတော့ဘဲ  ထွက်သွားခဲ့တာလား။  ဒီလိုမဟုတ်ဘဲ  သူ့ရဲ့နောက်ဆုံးခရီးမှာ ကျွန်တော်တို့  စိတ်မချမ်းမသာဖြစ်မှာစိုးလို့ တိတ်တိတ်ကလေး အလိုက်တသိလိုက်သွားခဲ့တာလားဆိုတာကတော့ ဝါလစ်ပဲသိနိုင်မဲ့ အကြောင်းအရာများပဲဖြစ်ပါတယ်။

 

ဝါလစ်အလွန်မှာ ကျွန်တော်တို့အိမ် နောက်ထပ်ဝက်မမွေးတော့ပါဘူး။ ကြွေးတင် ဝက်မွေးဆိုတဲ့ စကားရှိပေမဲ့  အိမ်မှာ  ဘယ်လိုအကြောင်းနဲ့မှ ဝက်ထပ်မမွေးတော့ပါဘူး။  ဒီနည်းနဲ့ပဲ  ဝါလစ်ကို ကျွန်တော်တို့အမြဲသတိရလွမ်းဆွတ်နေကြောင်း ဖော်ပြခဲ့ပါတယ်ဗျာ။ ။

 

ခန့်ကျော်ထင်လှိုင် (လွိုင်ကော်)