10
Jul

စာချစ်သူအတွက် စာလက်ဆောင်(ရသစာတမ်း)

ဖားဘောင်တောင်က လွမ်းရိပ်ညိုမှောင်

မီးခိုးမထွက်သည့်စက်ရုံ။ ထိုဝေါဟာရစကားလုံးကို ကြားဖူးနားဝရှိသော်လည်း အသိအမြင်နုနယ်သေးသည့် ဘဝစာမျက်နှာကာလ၌ အဆိုပါဝေါဟာရ၏အနက် အဓိပ္ပာယ်နှင့်ဆိုလိုရင်းကို ကျွန်မ မသိခဲ့ရိုးအမှန်ပါ။ ကြည့်လေ စက်ရုံဟုလည်းဆိုသည်၊ မီးခိုးလည်းမထွက်ဟုဆိုတော့ ဘယ်လိုနားလည်ရမလဲ။ ကျွန်မတို့ပတ်ဝန်းကျင်ရှိ ဆန်စက်၊ သစ်စက်ကအစ စက်ရုံအားလုံးသည် မီးခိုးတလူလူထွက်သည့် စက်ရုံတွေသာဖြစ်ကြသည်။ မီးခိုးမထွက်သည့်စက်ရုံဟူ၍ ကျွန်မတစ်ခါမျှ မမြင်ဖူး၊ မတွေ့ဖူးတာအမှန်။

ဘဝလမ်းထဲဖြတ်သန်း၍ ခရီးအတော်အတန်ရောက်ခါမှ ထိုမီးခိုးမထွက်သည့်စက်ရုံသည် ခရီးသွားလာရေးလုပ်ငန်းကို တင်စားရည်ညွန်းထား ကြောင်း ရိပ်စားနားလည်လာမိလေသည်။ ဟုတ်လိုက်လေ။ ပြည်တွင်းပြည်ပခရီးသည်တို့အား မိမိနိုင်ငံရှိ ထူးခြားဆန်းကြယ်၊ အံ့သြဖွယ်နေရာဒေသ၊ အလှအပတို့ကို လိုက်လံပို့ဆောင်ခြင်းဖြင့် ဝင်ငွေရသည်ဆိုတော့ စက်ရုံမှကုန်ပစ္စည်းများလို မီးခိုးထွက်အောင်ထုတ်လုပ်စရာမလိုမှန်းသိရလေပြီ။

စင်စစ် ဤလုပ်ငန်းသည် ယခုအခါ ကမ္ဘာမှာသာမက မြန်မာနိုင်ငံ၌ပါ တွင်ကျယ်လျက်ရှိပါသည်။ တစ်နှစ်တစ်နှစ် ခရီးသွားလုပ်ငန်းမှရသည့် ဝင်ငွေက နည်းနည်းနောနောမှမဟုတ်တာ။ ကျွန်မ၏ဘဝလမ်းဖြတ်သန်းမှုတစ်လျှောက်မှာ ဟိုတုန်းက တအံ့တသြငေးလာခဲ့ရသည့် သဘာဝလိုဏ်ဂူကြီးတွေ၊ ရေမြေတောတောင်သဘာဝအလှအပတွေကို ရင်သပ်ရှုမော မြင်တွေ့ခဲ့ရဖူးတာတွေရှိခဲ့သည်။ ဟိုတုန်းကတော့ တန်ဖိုးရှိမှန်းသိနားမလည်ခဲ့။

ပြန်လည်အောက်မေ့တသမိရပါသော တစ်ခါ တစ်ဘဝက အလှအပနယ်မြေများရယ် . . .။

++++++++++++++++++++

မူလတန်းဆရာမခန့်စာ ကျွန်မလက်ထဲရောက်သောအခါ အပျော်တစ်ဝက်၊ အလွမ်းတစ်ဝက်ဖြစ်ရသည်။ အကြောင်းကား ကိုယ်တိုင် ဆရာမတစ်ယောက်အဖြစ် နိုင်ငံတော်မှခန့်အပ်လွှာအမိန့်စာရရှိခြင်းက အပျော်များဖြစ်စေသည်။ အလွမ်းကတော့ မိဘရင်ခွင်မှခွဲခွာ၍ တစ်နယ်တစ်ကျေးသို့ တစ်ယောက်တည်းသွားရောက်အမှုထမ်းရမည့်အရေးကြောင့်ဖြစ်သည်။

မည်သို့ဆိုစေကာမူ ကမ္ဘာပေါ်တွင် ထူးခြားသောမြစ်များထဲမှ မြစ်တစ်စင်းဖြစ်သည့်အတ္တရံမြစ်၏ ကျောရိုးအပေါ် စုန်ချည်ဆန်ချည်ကူးခပ်ပြီး တာဝန်ထမ်းဆောင်ရမှာမို့ ဂုဏ်ယူကျေနပ်နေမိသည်။ ငယ်စိတ်က ဤသို့ပင် လိမ့်လိမ့်လူးလူး။

အတ္တရံမြစ်ဆိုတာကလည်း အများမြစ်နှင့်မတူ  တစ်မူထူးခြားသည်။ မြစ်အားလုံး မြောက်မှတောင်သို့ စီးဆင်းကြသည့်အစဉ်အလာကိုဖီဆန်၍ သူကတော့ တောင်မှမြောက်သို့ စီးဆင်း၏။ အပြာရောင်ဖဲကြိုးတစ်စရစ်ခွေချထားသလို လှလှပပကြော့ကြော့ရှင်းရှင်း။ ထို့ပြင် ရေစီးသန်၍ မိုးတွင်းအခါ တက်ရေကျရေဟူ၍ မလှန်နိုင်တော့။ စဉ်ဆက်မပြတ် အားကောင်းမောင်းသန်ဖြင့် သံလွင်မြစ်ထဲစီးဝင်သည့် ခပ်မာမာမြစ်တစ်စင်းဖြစ်သည်။

ကျွန်မကား အတ္တရံမြစ်တစ်ကြော လှေကလေး

ဖြင့်လည်းကောင်း၊ သင်္ဘောဖြင့်လည်းကောင်း နှစ်ပေါင်းများစွာ စုန်ချည်ဆန်ချည်သွားလာခဲ့ရသူပါ။ ကျွန်မတာဝန်ကျသော ရွာကလေးသည် အတ္တရံမြစ်ဝမှ တူးမြောင်းသွယ်တန်းထားသော ချောင်းရိုး၏အဆုံးတွင်ရှိသည်။ ရွာနာမည်လေးက ‘ရွေဝါချောင်’တဲ့။ နာမည်လေးက ချစ်စရာ။

ကျိုက်မရောမြို့ကမ်းနားဆိပ်မှ ရွေဝါချောင်ရွာသည် မြစ်ကြောခရီးစဉ်တစ်လျှောက် ဝဲယာနှစ်ဖက်တွင် သဘာဝကျောက်ဆောင်၊ ကျောက်တောင်များ ခမ်းနားလှပစွာဖွဲ့တည်နေတာကို ရင်သပ်ရှုမောမိခဲ့ဖူးသည်။ အတ္တရံမြစ်ကမ်းဘေး၌ ကျောက်အငူများ၊ ကျောက်စက်ပန်းဆွဲများဖြင့် ရှုမငြီးအောင်လှပနေသည့် ကျောက်လိုဏ်ဂူအချို့ကိုလည်း ကျွန်မငေးမောကြည့်ခဲ့ရသည်။ ရွာကလေးမှာ အနေကြာလာသည်နှင့်အမျှ ကျိုက်မရောမြို့နယ်၌ သဘာဝအလျောက် လှပ ဆန်းကြယ်စွာဖွဲ့တည်ဖြစ်ပေါ်နေသော သဘာဝလိုဏ်ဂူကြီးများရှိကြောင်း သိခဲ့ရသည်။ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များရှိသည့်စံပယ်ဂူက ကျိုက်မရောမြို့အနီးမှာပင်ရှိသည်။ ဖားဘောင်ဂူကား ငပြေမရွာနှင့် မိုင်ဝက်ခန့်မှာရှိသည်။

++++++++++++++++++

ထိုဒေသသို့ ကျွန်မဆရာမအဖြစ်ရောက်ခဲ့သည်က ၁၉၇၄ ခုနှစ်မှာဖြစ်သည်။ ပြောရလျှင် ထိုစဉ်က အညိုရောင်နယ်မြေဟုသာသိခဲ့ရသည်။ နယ်မြေအေးချမ်းသာယာမှုမရှိပါ။ ကျွန်မ နားစိမ်းနေသည်။ နောက်မှ အညိုရောင်နယ်မြေဆိုသည်ကား သောင်းကျန်းသူများ အမြဲတစေဝင်ထွက်နေသည့်သဘောရှိသည်။ ကျွန်မနေသည့် ရွေဝါချောင် ရွာမှလှမ်းကြည့်လိုက်လျှင် အဝေးတစ်နေရာရှိ စိမ်းညို့မှောင်နေသည့် ဖားဘောင်တောင်ကြီးကိုတွေ့ရသည်။ ထိုတောင်အောက်မှာ လိုဏ်ဂူကြီးတွေ၊ ရှေးဟောင်းဘုရားတွေရှိသတဲ့။ ကျွန်မ သွားချင်လိုက်တာ။

ကျွန်မ ဆန္ဒကိုသိတော့ တစ်နေ့မှာ လူကြီးတွေက စီစဉ်ပေးသည်။ ရွေဝါချောင်ရွာမှ ငပြေမရွာအထိ လှေဖြင့်သွားရသည်။ ကျွန်မနေသည့်အိမ်က မိန်းမဖော်နှင့်အတူ ငပြေမရွာရောက်သောအခါ လိုက်ပို့မည့်ပုဂ္ဂိုလ်နှင့်တွေ့ရသည်။ သူက ထိုရွာက ကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သလို ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်၏။

ကျွန်မတို့အဖွဲ့ ငပြေမရွာမှ ဖားဘောင်တောင်ဆီသို့ လှေကလေးဖြင့်ထွက်ခဲ့ကြသည်။ အတ္တရံကို ရေဆန်လှော်ခတ်လို့။ ဖားဘောင်တောင်နားရောက်တော့ မြစ်ကမ်းပါး၌ မေးတင်ထားသည့် ဖားဘောင်တောင်ကိုတွေ့ရ၏။ ခေါင်းလန်အောင်မော့ကြည့်လိုက်မှ တောင်ကမ်းပါးအလယ်တွင် ဂူပေါက်တစ်ခုကိုမြင်ရသည်။ ထိုဂူထဲ လင်းနို့များထောင်ချီနေသည်။ မနက်မိုးလင်းသည်နှင့် လင်းနို့တွေ ဂူထဲကအုပ်စုလိုက် ပျံထွက်သွားသည်မှာ မီးခိုးတန်းကြီးအလား။ ကောင်းကင်ယံမှာ ဝေ့ဝဲလူးလွန့်နေပုံက အံ့ဖွယ်ရာဟု ဆရာကြီးကပြောပြသည်။ သဘာဝမြေသြဇာအတွက် လင်းနို့ချေးထုတ်လုပ်သည့် လုပ်ငန်းလည်းရှိကြောင်း သိရသည်။

ကျွန်မတို့လှေကလေး ဖားဘောင်ဂူပေါက်ဝ တစ်ခုသို့ရောက်သောအခါ ဆရာကြီးက သူ့တပည့် တွေကို ဂူပေါက်ဝသို့ဝင်ရန် အချက်ပြသည်။ လှေကလေးချိုးဝင်လိုက်သည်နှင့် မကြာမီ အလင်းရောင်မဲ့မှောင်ပိန်းပိန်းတစ်နေရာသို့ရောက်ရာ ဆရာကြီးက သူ့ ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးဖြင့် လမ်းပြသည်။

“သတိထား ရှေ့ချောင်းအလယ်မှာ ကျောက်စွယ်ရှိတယ်  . . .  ရှောင်သွား”ဟု ပြောလိုက်တော့ ကျွန်မ ကျောချမ်းသွားသည်။

ဟုတ်ပါရဲ့ ချောင်းအလယ်မှာ အန္တရာယ်ကျောက်စွယ်ကြီးက ကြောက်စရာ။ အတော်ကလေးလှော်မှ ဖားဘောင်တောင်အရှေ့ဘက်ခြမ်းဆီသို့ ရောက်လာသည်။ အလင်းရောင်တွေနှင့် ထိတွေ့ရတော့သည်။

တစ်နေရာ၌ လှေကိုဆိုက်ကပ်ပြီး တောင်အရှေ့ဘက် ဂူပေါက်ရှိရာသို့ လျှောက်သွားရ၏။ ဘွားခနဲမြင်လိုက်ရသော ဂူပေါက်ဝကြီးကအံ့မခန်း ကျယ်လည်းကျယ်သည်။ ကျောက်စက်မိုးမျှော်တွေလည်း ဟိုမှာသည်မှာ။ ကျောက်စက်ပန်းဆွဲတွေကလည်း ဂူနံရံထက်မှာတွဲလွဲကျနေပုံက လှလိုက်တာ။ သဘာဝအေးမြရေစက်လက်က ကျဆင်းလို့။ ကျောက်ဂူနံရံမှာ ပုံတော်အမျိုးမျိုး၊ ဗုဒ္ဓရုပ်ပွားတော်အဆူဆူကိုတွေ့ရသည်။ ဒါတွေက တကယ့် ရှေးဟောင်းသမိုင်းဝင် ဘုရားဆင်းတုတော်တွေတဲ့။ နှစ်ပေါင်းဘယ်လောက်ကတည်းက ရောက်ရှိနေမှန်းမသိ။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းပင် ဖားဘောင်ဂူရှေးဟောင်းဘုရားများကို လာရောက် စူးစမ်းလေ့လာသုတေသနပြုခဲ့ဖူးကြောင်း၊ သူ၏ နယ်လှည့်ရာဇဝင်ထဲမှာ မှတ်တမ်းတင်ထားတာရှိကြောင်း ဆရာကြီးပြောပြမှ ဤဂူကြီး၏သမိုင်းတန်ဖိုးကို ကျွန်မ ခန့်မှန်းမိလာပါသည်။

“အခုတော့ ဆရာမရယ်၊ ဘုရားခိုးဂိုဏ်းတွေက မကြာခဏလာရောက်ပြီး ရှေးဟောင်းဘုရားတွေကို ခိုး၊ ပြည်ပမှာသွားရောင်းနေကြလို့  ရုပ်ပွားတော်တွေတောင် အတော်လျော့ပါးသွားပြီ”

ဆရာကြီးစကားကြောင့် ကျွန်မစိတ်မကောင်း ဖြစ်မိတာအမှန်။ နယ်မြေဒေသအေးချမ်းမှုမှမရှိတာပဲ။ ဘယ်လိုထိန်းသိမ်းနိုင်မလဲ။ သောင်းကျန်းသူတွေလည်း ဒီမှာတစ်ခါတလေ လာရောက်စခန်းချ ခိုနားနေတတ်ကြောင်းကြားရတော့ ကျွန်မကြောက်ဒူးတွေပင် တုန်မိသည်။ ရောက်တုန်းရောက်ခိုက်သွား၍ရသောနေရာအတော်များများကို  ရောက်ရှိရာ ဂူထဲမှာ သဘာဝရေကန်များနှင့် ငါးများရှိသည်ကိုလည်းတွေ့ရ၏။ ဂူ၊ ကျောက်နံရံ၊ ကျောက်သား၊ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့၏ သဘာဝအလှကလေးသည် ပသာဒကြောင့် ရင်ထဲ အေးမြကြည်နူးနေပါသည်။ လိုက်လံပို့ဆောင်ပေးခဲ့သည့် ဆရာကြီးကို ကျေးဇူးတင်မိပါသည်။

ဖားဘောင်တောင်ကြီးနှင့်ဂူကြီးရေ နေရစ်ခဲ့ပေတော့။

++++++++++++++++++++++++

နှစ်ပေါင်းလေးဆယ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ်တွင် ကျွန်မစာပေခရီးစဉ်တစ်ခုဖြင့် ဗီယက်နမ်၊ ဟနွိုင်းမြို့သို့ရောက်ရှိခဲ့ရသည်။ ကျွန်မတို့ စာပေအဖွဲ့သားများသည် ဟနွိုင်းမြို့မှ မိုင်အတော်ဝေးသော နာမည်ကျော် Halong Bay သို့ အလည်အပတ်ခရီးဆန့်ခဲ့ကြသည်။ ဗီယက်နမ်ရောက်ရှိလျှင် Halong Bay ရောက်မှ ဗီယက်နမ်ရောက်ရကျိုးနပ်မည်ဟု အဆိုရှိခဲ့၍လည်း ကျွန်မရင်ထဲမှာ ထိုခရီးစဉ်အတွက် ကျေနပ်နေမိပါသည်။

ကျွန်မတို့ဧည့်သည်စာရေးဆရာများအားလုံး ခေတ်မီသားနားသည့်မော်တော်ပေါ်မှ ရှုခင်းများကို အားပါးတရငေးကြည့်ရင်း ပျော်ရွှင်နေကြသည်။ ပြာလဲ့လဲ့ပင်လယ်အော်၏အလှများကို ခံစားငေးရီ ကြည့်နေမိသည်။ ပင်လယ်ထဲ၌ ခရီးသွားဧည့်သည်များ အပြည့်ပါသည့်မော်တော်များ ဟိုမှာတစ်စင်း၊ သည်မှာ တစ်စင်းတွေ့ရသည်။ တစ်နေရာတွင် ကျောက်ဆောင်နှစ်ခု နီးကပ်စွာမျက်နှာချင်းဆိုင်တည်ရှိနေပုံမှာ ကြက်ဖနှစ်ကောင်အပြိုင်ခွပ်တော့မည့်အလား တွေ့လိုက်ရသည်။ ကမ္ဘာပေါ်မှာ လှပစွာဖွဲ့တည်ထားသော သဘာဝအလှအပများစွာရှိနေကြောင်း ကျွန်မတို့ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။

တွေးရင်းငေးရင်း Halong Bay ရှိ ထင်ရှားသောကျောက်ဂူကြီးတစ်ခုသို့ ကျွန်မတို့အဖွဲ့ရောက်ရှိခဲ့ပါသည်။ ကျောက်ဂူထဲ၌ ရေအိုင်ငယ်များကိုတွေ့ရာ ကျွန်မလက်ဖြင့် တို့ထိကြည့်မိသည်။ အားပါးပါး အေးလိုက်တာ။ အေးစက်နေသောရေ၏အထိအတွေ့ကြောင့် ကျွန်မအမောပြေရသည်။ တစ်ဆက်တည်းမှာပင် လွန်ခဲ့သောနှစ်လေးဆယ်က ဖားဘောင်တောင်ဂူကို သတိရလိုက်မိပါသည်။ စာပေခရီးသည်အားလုံးက တအံ့တသြငေးမောကြည့်ရှုရင်း ဓာတ်ပုံများ တဖျပ်ဖျပ်ရိုက်ယူကြသည်။ ဂူအတွင်း လျှပ်စစ်မီး များထွန်းထားသည်။ ရှေးဟောင်းရုပ်ပွားတော်အဆူဆူကိုလည်း မြင်တွေ့ရသည်။ အတူပါလာသော ဗီယက်နမ်စာရေးဆရာများက သူတို့တွင်ပါလာသော ဖယောင်းတိုင်များဖြင့် ဆီမီးထွန်းညှိပူဇော်နေကြသည်။

လှေကားအတက်အဆင်းများနှင့် သွားရ၊ လာရလွယ်ကူပါသည်။ ကျွန်မတို့အားလုံး လှေကားအတက်အဆင်းများကို ကျော်ဖြတ်ရင်းကျောက်ဂူအတွင်း လေ့လာကြည့်ရှုရတာ မောရပန်းရမှန်းပင် မသိနိုင်တော့ပါပေ။

ဒါက သည်ဘက်ခေတ် ဗီယက်နမ်နိုင်ငံ၏ သဘာဝခရီးသွားလုပ်ငန်းကို ကျွန်မဧည့်သွားဧည့်လာ တဒင်္ဂဟန်ဖြင့် ထိတွေ့တို့နမ်းခဲ့မိခြင်းသာဖြစ်ပါသည်။

+++++++++++++++++++++

ယခုတော့ နှစ်တွေလည်းညောင်းပြီး ခေတ်တွေလည်းပြောင်းခဲ့လေပြီ။

ကျွန်မပင် ဇရာနယ်သို့ရောက်ခဲ့ပြီ။ သို့သော် အရာရာသည် ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာပုံကအံ့မခန်း။ ကျွန်မတို့မှာသာ အတိတ်လွမ်းဝေဒနာတွေနှင့် ဖားဘောင်တောင်၊ ဖားဘောင်ရှေးဟောင်းဂူကြီးဆီ အတွေးရောက်တော့ ဟိုတုန်းကလိုပင် ပင့်သက်ဖြာမောခဲ့ရ၏။ ယခုတော့ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းပန်းဆက်သွယ်ရေး ကြောင့် နေရာဒေသမရွေး မော်တော်ယာဉ်၊ ဆိုင်ကယ်ကယ်ရီများနှင့် ရွှတ်ခနဲရောက်ရှိနိုင်သည့် သတင်းစကားကြားသိရသောအခါ တအံ့တသြဖြစ်ရသည်။

ဟိုယခင်က ခက်ခက်ခဲခဲသွားရသော ဖားဘောင်ဂူသို့လည်း ကုန်းလမ်းခရီးမှသွားရောက်ရန် လမ်းပေါက်ခဲ့လေပြီ။ မော်လမြိုင်မြို့မှ ကျုံဝမ်းရွာသွား၊ ကျုံဝမ်းရွာမှ ဖားဘောင်ဂူသို့ ဆိုင်ကယ်ဖြင့် နာရီဝက်ကျော်ကျော်အတွင်းရောက်ရှိနိုင်ပြီဟုကြားသိရရာ ကျွန်မအံ့သြနေမိသည်။ သို့ဖြင့် ယခုခေတ် ဖားဘောင်ဂူမှာ ယခင်ကနှယ် ခြောက်သွေ့ ခြောက်ကပ်မဟုတ်တော့ဘဲ ဘုရားဖူးသူ၊ လေ့လာသူများနှင့် စည်ကားလျက်ရှိသည်။ ဂူအတွင်းပိုင်းအထိ ဝင်ရောက်လေ့လာနိုင်သည့်အစီအစဉ်များလည်း ဆောင်ရွက်ထားကြောင်းသိရရာ ကျွန်မ ကြည်နူးဝမ်းမြောက်မိပါဘိ။

ဂူအဝင်ဝ အရှေ့ဝန်းကျင်တစ်ခွင်မှာလည်း ကားများရပ်နားရန်နေရာတွေ အကျယ်ကြီးစီစဉ်ထားသည်။ ပြီးတော့ ခရီးသည်များ ခိုနားအပန်းဖြေရန် စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေပင်ရှိနေပြီ၊ ခရီးသည်တွေလည်း ထာဝစဉ်အလည်အပတ်ရောက်ရှိစည်ကားနေသည့် သတင်းများကြားရရာ ကျွန်မလွန်ခဲ့သောနှစ်လေးဆယ်ကျော်ကာလက ရှုခင်းကိုပြန်လည်မြင်ယောင်ရင်း အံ့သြမှင်တက်ဖြာမိသည်အမှန်။ လမ်းပန်းဆက်သွယ်ရေးကအစ တိုးတက်လာသောခေတ်က အရာရာကိုပြောင်းလဲစေပါလားဟု ကျွန်မ တွေးနေမိသည်။ ဒါက ကောင်းသောပြောင်းလဲခြင်းမဟုတ်လား။

ပြောရလျှင် ကျွန်မတို့ဆီမှာ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့်ထူးဆန်းထွေလာနေရာ ဒေသများစွာ၊ ရှေးဟောင်းယဉ်ကျေးမှုအနုလက်ရာ များစွာ၊ ဘာသာသာသနာဆိုင်ရာ လေ့လာဖွယ်ရာ များစွာရှိပါသည်။ ဒါတွေက မီးခိုးမထွက်သော စက်ရုံများပင်ဖြစ်၏။ နိုင်ငံတော်အတွက်   ဝင်ငွေကောင်းကောင်းရှာပေးနိုင်ပါသည်။

ကျွန်မလည်း လွန်ခဲ့သည့်နှစ်များစွာငယ်စဉ်က ကျင်လည်ခဲ့ဖူးရာ လွမ်းရိပ်ညိုမှောင် ဖားဘောင်ဂူသို့ တစ်ခေါက်တစ်ခါတော့ သွားရောက်ရပေဦးမည်။ ထို့အတူ  ပြည်ပခရီးသွားဧည့်သည်များကိုလည်း တစ်ခါတစ်ခေါက် လေ့လာကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါသည်။

ကျွန်မအဖို့ကတာ့ အရာအားလုံးသည် လွမ်းစရာ၊  ပြီးတော့ အိပ်မက်တစ်ခုပမာ . . .။   ။

                                                      မေဇွန်အေး