13
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

မီးသီးတစ်လုံး

(၁)

အိမ်ရှေ့ဆင်ဝင်အောက်တွင် မီးသီးဝါဝါကလေးက သူ့အရည်အသွေးကို အစွမ်းကုန်ညှစ်ထုတ်လျက် အလင်းများကို ဖြန့်ခင်းထားခဲ့သည်။ ကြည့်ရင်းကြည့်ရင်းနှင့် မီးသီးလေးက သူ့ကို ပြုံးပြနေသလိုလို ထင်လိုက်မိသည်။ ပါးပေါ်တွင် ကျဆင်းနေကြသောမျက်ရည်များက သူ၏စိတ်ခံစားချက်ကို အကောင်းဆုံးဖွင့်ဟပြနေခဲ့ကြသည်။ တကယ်ဆို မီးသီးလေးတစ်လုံးက စကားမပြောတတ်ပါ။ တကယ်ဆို မီးသီးလေးတစ်လုံးက ပြုံးမပြတတ်ပါ။ သို့သော် ထိုမီးသီးလေးတစ်လုံးထဲတွင် သူ၏ငယ်ဘဝအတိတ် တစ်ပိုင်းတစ်စကိုမြှုပ်နှံထားခဲ့သည်။

(၂)

“အမေကလဲဗျာ ကလေးတစ်ယောက်တောင် သေသေချာချာမထိန်းနိုင်ဘူး၊ အဲဒီလိုဆို သားတို့က အလုပ်သွားဖို့ ဘယ်လိုစိတ်ဖြောင့်နိုင်မှာလဲ”

သူ၏ ပြစ်တင်စကားကြောင့် အမေမျက်နှာငယ်ငယ်ဖြင့် တောင်းပန်စကားဆိုသည်။

“အေးပါ သားရယ်၊ အမေ နောက်ဖေးမှာ ဟင်းချက်နေလို့ သတိမထားမိလိုက်တာပါကွယ်”

“အမေ့ပြောလိုက်ရင် အဲဒီလိုပဲ၊ သမီးခေါင်းက ခုံစောင်းနဲ့တိုက်မိပြီး ဖုသွားပြီလေ၊ တော်သေးတယ် ခေါင်းပေါက်မသွားတာ”

“နောက်မဖြစ်စေရပါဘူးကွယ်”

“ကလေးကိုပဲ သေသေချာချာကြည့်ပေးပါ အမေရာ၊ ကျန်တာတွေက အရေးမကြီးဘူး၊ ကျွန်တော်ရော ခင်မရောက အလုပ်ကိုယ်စီနဲ့မို့ သမီးလေးကိုအမေနဲ့ထားခဲ့ရတာ”

ဇနီးသည် ခင်မမ အလုပ်ကပြန်လာပြီး သမီးနဖူးမှဒဏ်ရာကိုတွေ့သွား၍ မေးလာသည့်အခါ သူ့မှာ ကြည့်ကောင်းအောင်ဖြေရသည်။ အမေ့ကြောင့်လည်း ခက်ပါသည်။ ဘယ်လောက်ပြောပြောမမှတ်ပေ။

အသက်ခုနစ်ဆယ်ကျော်အရွယ်အမေသည် ယခင်က ဇာတိမြို့လေးတွင် သမီးဖြစ်သူနှင့်သာနေခဲ့သည်။ သူတို့လင်မယား ကလေးတစ်ဖက်နှင့် အဆင်မပြေဖြစ်နေသည့်အတွက် လာနေပေးခြင်းဖြစ်သည်။ အိမ်အကူခေါ်ရသည်မှာ မလွယ်လှသည့်အပြင် စိတ်လည်းမချရသည်မို့ အမေ့ကိုလည်း အနားမှာခေါ်ထားရန်၊ သမီးလေးအတွက်လည်း အဆင်ပြေစေရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် စီစဉ်လိုက်ရသော်လည်း ယခုတော့ အမေ့ကြောင့် သူ့မှာငရဲတွေရနေခဲ့ရသည်။

အိမ်တွင် ကလေးပဲထိန်းပါ။ ကျန်တာမလုပ်ပါနဲ့။ နားနားနေနေနေပါလို့ ဘယ်လောက်ပြောပြော အမေက တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်သည်။ တစ်ခါကလည်း ဟင်းအိုးပြန်နွေးရင်း အမေသတိမေ့နေသဖြင့် တူးသွားခဲ့သည်။ ဟင်းတူးသွားသည်က ကိစ္စမရှိသေးသော်လည်း မီးခိုးများထွက်ကာ မီးလောင်လုနီးပါးဖြစ်ခဲ့ရသည့်အတွက် သူတို့ လင်မယားစိတ်ပူသွားခဲ့ရသည်။ အမေ အိမ်မှာလာနေပေးသည့် တစ်နှစ်ကျော်အချိန်အတွင်း ပြသနာလေး၊ ငါး၊ ခြောက်ခု ကြုံတွေ့ခဲ့ရသည်။ တစ်ခါတလေ သူ စိတ်ပေါက်ပေါက်နှင့် တွေးမိသည်။ အမေလာနေပေးလို့ အကူအညီရတာကနည်းနည်း စိတ်ပူနေရတာက များလှပါလားဟုဖြစ်သည်။ အိမ်အကူခေါ်ထားတာမှ အမေ့ထက် စိတ်ချရဦးမည်ဟူသောအတွေးကို သူ့ခေါင်းထဲမှ မကြာခဏဖယ်ထုတ်ပစ်ခဲ့ရသည်။

အမေ သူ့အိမ်မှာလာနေတာ သူ့သမီးအိမ်မှာနေတာလောက် ပျော်ဟန်မရှိပေ။ သူ့မြေးနှင့်အတူရှိနေစဉ်၌ ပြုံးနေတတ်သော်လည်း တစ်ချက်တစ်ချက်ငိုင်သွားတတ်သည်ကို သတိထားမိခဲ့ သည်။ သို့သော် သူမမေးဝံ့ပေ။ တကယ်လို့များ အမေ မပျော်ဘူး။ ပြန်ချင်တယ်ဟု ပြောလိုက်လျှင် သူတို့ဒုက္ခရောက်ကာ ကသီရပေမည်။ အိမ်အကူကလည်း ချက်ချင်းရှာလို့ရသည်မဟုတ်။ ထို့ကြောင့် သူ့မှာ အမေပျော်စေရန် အမေကြိုက်သည့်ဟင်းများ ချက်ကျွေးသည်။ အမေသွားချင်မည်ထင်သော ဘုရားများကို လိုက်ပို့သည်။ မြို့ထဲက ရှော့ပင်းမောတွေပို့ပေးသည်။ သို့သော် အမေကတော့ တစ်ချက်တစ်ချက် ငိုင်သွားစမြဲဖြစ်သည်။

တကယ်ဆို သူလည်း အမေ့ကို ချစ်ပါသည်။ အမေက သူတို့အတွက် မိခင်ကောင်းတစ်ဦး ဖြစ်ခဲ့သည်မှာ သေချာသည်။ သူငယ်ငယ်တုန်းက စျေးကပြန်လာသည့် အမေ၏စျေးခြင်းထဲမှမုန့်များကို ညီလေး၊ ညီမလေးနှင့်အတူ လုစားခဲ့ကြဖူးသည်။ အမေချက်ကျွေးသည့်  ငါးပတ်ပုပ်မွှေချက်၊  ငါးခူစဉ်းကော၊ ကဏန်းဆီချက် စသည့် ဟင်းလျာများသည် သူအကြိုက်ဆုံးဟင်းလျာများဖြစ်ခဲ့ကြသည်။ ထိုစဉ်တုန်းက ဟင်းများကို ဝေပုံကျစားခဲ့ရသော်လည်း အမေက သားကြီးဖြစ်သည့်သူ့အတွက် ပိုပိုသာသာထည့်ပေးခဲ့သဖြင့် ညီလေးနှင့်ညီမလေးက ပွစိပွစိပြောခဲ့ကြသည်ကို အမှတ်ရနေမိသည်။

အမေ့အိမ်မှာ သူနေခဲ့ရသည့်ကာလသည် ညီလေးနှင့် ညီမလေးလောက် မကြာရှည်ခဲ့ပေ။ ဆယ်တန်းအောင်ပြီးချိန်မှစ၍ အလုပ်ဝင်ကာ အမေ့အိမ်နှင့် ခွဲခွာခဲ့ရသည်။ ထို့နောက် အိမ်ထောင်ကျသည်အထိ အမေ့အိမ်ကို အိမ်သားတစ်ဦးအဖြစ် ပြန်မရောက်ဖြစ်တော့ပေ။

(၃)

ဇနီးဖြစ်သူခင်မ အလုပ်ကိစ္စနှင့် အပြင်သွားနေခဲ့သည်မို့ အိမ်တွင် အမေရယ်၊ သမီးလေးရယ်၊ သူရယ်သာ ရှိနေခဲ့သည်။ ခင်မနှင့်သူက ကုမ္ပဏီချင်းမတူကြသည့်အတွက် တစ်ခါတစ်ရံ ရုံးပိတ်ရက်ချင်းလည်း မတူကြပေ။

သုံးနှစ်အရွယ်သာရှိသေးသည့်သမီးလေးက ဧည့်ခန်းထဲတွင် သူ့အရုပ်ကလေးများနှင့် ဆော့နေခဲ့သည်။ အမေက သူ့မြေးလေးနားတွင်ရှိနေခဲ့သည်။ သူလည်း အမေနှင့် သမီးနားတွင် သွားထိုင်လိုက်သည်။ အမေ့ကိုကြည့်လိုက်သည့်အခါ အမေက ပြုံးပြသည်။ ယခုမှ သေသေချာချာသတိထားကြည့်မိသည်။ အမေ့ခေါင်းထက်မှ ဆံပင်တို့သည် ဖွေးဖွေးဖြူနေခဲ့ကြပေပြီ။ သူ့မြေးလေး၏ပခုံးကိုကိုင်ထားသောအမေ့လက်သည် အကြောပြိုင်းပြိုင်းထနေခဲ့ချေပြီ။

“အမေ ကျွန်တော့်ဆီမှာ လာနေရတာစိတ်ညစ်နေလား”

အမေက သူ့မျက်နှာကို ကြည်လင်စွာပြုံးပြီးကြည့်သည်။ ပြီးမှ ဖြည်းညင်းစွာဖြေသည်။

“ဘာလို့ စိတ်ညစ်ရမှာလဲသားရဲ့၊ အမေ့မြေးလေးနဲ့ အမေ့သားနဲ့ အမေ့သမီးနဲ့နေရတာ စိတ်မညစ်ပါဘူး”

“ဟုတ်ကဲ့ပါအမေ၊ တကယ်တော့ သားအမေ့ကိုခေါ်ထားတာ သမီးလေးကိုထိန်းပေးဖို့ သက်သက်မဟုတ်ပါဘူး၊ အမေ့ကိုလဲ တတ်နိုင်သလောက် ပြန်ပြီးစောင့်ရှောက်ချင်လို့ပါ၊ အိမ်မှာ တခြားအလုပ်တွေမလုပ်ပါနဲ့ အမေ၊ အမေ့မြေးလေးကိုထိန်းပေးတာနဲ့တင် အမေ့ကို ကျေးဇူးတင်ပါတယ်၊ အမေက အသက်ကြီးပြီဆိုတော့ နားနားနေနေနေပါအမေရယ်၊ အိမ်အလုပ်တွေက သားတို့ ပြန်လာမှလုပ်ပါ့မယ်”

“အေးပါကွယ်၊ အမေ့အတွက် ဘာမှမပူနဲ့၊ အမေ အဆင်ပြေတယ်၊ သားပဲကျန်းမာရေးဂရုစိုက်၊ အလုပ်မှာ အဆင်ပြေအောင်ကြိုးစား”

“အမေ ဘာတွေစားချင်သေးလဲ၊ ဘယ်သွားချင်သေးလဲ၊ သားလိုက်ပို့ပေးမယ်လေ”

“ရပါတယ်ကွယ်၊ အမေ ဘာမှမစားချင်ပါဘူး၊ သွားလဲမသွားချင်ဘူး”

“အမေ စားချင်တဲ့အခါ သွားချင်တဲ့အခါ သားကိုပြောမယ်လေ”

အမေ့စကားဆုံးသည့်အခါ သမီးလေးပါးကို တစ်ချက်နမ်းရှိုက်လိုက်ပြီး အမေတို့မြေးအဘွားနားမှ သူထွက်လာခဲ့သည်။ အိမ်ခန်းထဲရှိ ကွန်ပျူတာရှေ့တွင် ထိုင်နေမိသော်လည်း သူ့လက်ကို ကွန်ပျူတာကီးဘုတ်ခလုတ်ပေါ်သို့ မတင်နိုင်သေးပေ။

ငယ်ငယ်တုန်းကဘဝသို့ အတွေးရောက်နေမိသည်။ အဖေရယ်၊ အမေရယ်၊ သူရယ်၊ ညီလေး၊ ညီမလေးရယ် မိသားစုငါးဦးဘဝက ပျော်စရာကောင်းပါသည်။ မပြည့်စုံမကြွယ်ဝသော်လည်း မိသားစုငါးဦး ချစ်ချစ်ခင်ခင်နေခဲ့ရသည့်ဘဝကို သူမမေ့နိုင်ပါ။ အမေ့အိမ်မှာနေခဲ့ရစဉ်တုန်းကဘဝကို ပြန်လိုချင်မိသည်။ ဖြူစင်လှသည့်ကလေးဘဝက လွတ်လပ်ပေါ့ပါးလှသည်။ ပြီးတော့ အမေနှင့် အမေ၏မေတ္တာရိပ်အောက်တွင် အေးချမ်းလှသည်။ ဘဝတိုက်ပွဲအတွက် လှုပ်ရှားရုန်းကန်ရင်း မောပန်းနွမ်းနယ်လာမိသည့်အခါတိုင်း အမေ့ရင်ခွင်ထဲက ကလေးလေးဘဝကို ပြန်လိုချင်မိသည်။

အဖေနှင့် အမေသည် သားသမီးများကို ချစ်ကြသူများဖြစ်သော်လည်း ချစ်ပုံချင်း မတူညီကြပေ။ အဖေက သားသမီးများနှင့် သူငယ်ချင်းလိုနေသည်။ ရင်းရင်းနှီးနှီးနေသည်။ သို့သော် စည်းကမ်းနှင့်ပတ်သက်လာလျှင်မူ အလျှော့မပေးချေ။ အမေကမူ အဖေ့လောက် သားသမီးများနှင့် ရင်းရင်းနှီးနှီးမနေသော်လည်း အလိုလိုက်သည်။ အဖေက သားသမီးများကိုခိုင်းသော်လည်း အမေက သားသမီးများကိုမခိုင်းဘဲ အိမ်အလုပ်မှန်သမျှ သူတစ်ယောက်တည်း လုပ်ကိုင်တတ်သည်။ အစိုးရဝန်ထမ်းဖြစ်သောအဖေနှင့် ကျောင်းသူ၊ ကျောင်းသားများဖြစ်ကြသော သူတို့မောင်နှမတစ်တွေက အိမ်မှာ ကြော့ကြော့လေးနေနိုင်ခဲ့ကြသော်လည်း အမေ့ခမျာ မိုးလင်းမှမိုးချုပ်ထိ အလုပ်ကို ဇယ်စက်သလိုလုပ်နေခဲ့ရရှာသည်။

(၄)

အမေ လာနေပေးခဲ့စဉ်တုန်းကအကြောင်းတွေကိုပြန်တွေးနေရင်း အမေ့ကိုသတိရမိသည်။ အမေကွယ်လွန်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိခဲ့ပေပြီ။ အဖေသေဆုံးစဉ်တုန်းကလည်း သူစိတ်ထိခိုက် ကြေကွဲခဲ့ရသည်။ အဖေ့တုန်းက သူခေါ်ထားခွင့်မရလိုက်ပေ။ အနီးကပ်ပြုစုစောင့်ရှောက်ခွင့်မရ လိုက်ပေ။ ထို့ကြောင့် အမေ့ကို တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးခေါ်ထားခဲ့ခြင်းဖြစ်သည်။ ယခုဆို သမီးလေးပင် နှစ်တန်းကျောင်းသူဖြစ်နေခဲ့ပေပြီ။ အမေမရှိတော့ပေမဲ့ အိမ်မှာ အမေရှိခဲ့စဉ်က လှုပ်ရှားသွားလာခဲ့ပုံများကို အမှတ်ရနေမိသည်။ အမေ့ပုံရိပ်များက သူ့အနားမှာ ဝေ့ဝဲနေကြသည်။ ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာနားနေနိုင်ပါစေအမေဟု စိတ်ထဲမှ ဆုတောင်းပေးမိသည်။

အိပ်ခန်းထဲက ခုတင်ထက်တွင် သမီးငယ်လေးနှင့် ဇနီးသည်တို့ အိပ်မောကျနေခဲ့ကြသည်။ အဝေးက သံချောင်းခေါက်သံကြားရမှ အချိန်ကိုသတိရမိသည်။ ညတစ်ချက် ထိုးခဲ့ပေပြီ။ ပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကိုမြင်နေရသည်။ နှင်းရေစိုရွှဲနေသော သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်များကြောင့် သူပိုပြီးချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ ယခုလို ရုံးအလုပ်ကိစ္စရှိသည့်ညမျိုးတွင် ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်ရလေ့ရှိသဖြင့် သူ့အတွက် မထူးဆန်းတော့ပေ။ တကယ်ဆို သူကလည်း ယခုလို တိတ်ဆိတ်ငြိမ်သက်နေသည့်ညထဲတွင် တစ်ယောက်တည်း တွေးချင်ရာတွေးနေရသည့် ဘဝကိုနှစ်သက်သည်။

ဖေ့စ်ဘွတ်ခ်သုံးနေရင်းမှ မနက်ဖြန် အမေနေ့ဖြစ်ကြောင်း သူများတွေတင်ထားတာ တွေ့လိုက်မိသည့်အတွက် အမေ့ကို ပိုသတိရမိသွားခဲ့သည်။ အမေမပြန်ခင်ခြောက်လခန့်အတွင်း နောက်ထပ် ပြဿနာမကြုံတွေ့ရတော့ပေ။ အမေ ခြောက်လခန့်အတွင်း မမှားမယွင်းအောင် ကြိုးစားပြီးနေခဲ့ရှာပါသည်။ သို့သော် ပြန်ခါနီးတစ်ရက်အလိုတွင် ကြုံတွေ့ခဲ့ရသောပြသနာကြောင့် အမေနှင့်သူ့ကြားတွင် ကောင်းသောခွဲခွာခြင်းမဖြစ်ခဲ့ရပေ။ ထို့အတွက် ပြန်တွေးတိုင်း စိတ်မသက်မသာဖြစ်နေမိသည်။

တကယ်ဆို သားက သားမိုက်တစ်ယောက်ပါအမေ။ အမေ့အိမ်မှာနေခဲ့ရစဉ်တုန်းက အမေ့ကြောင့် တစ်ခါမျှ စိတ်မညစ်ခဲ့ရပေ။ အဖေရိုက်သည့်အတွက်သာ တစ်ခါတလေနာကျင်ခဲ့ရပေမဲ့ အမေက သားသမီးများကို တစ်ခါမျှ မရိုက်ခဲ့ဖူး ပါ။ အဖေရိုက်လျှင်ပင် ဝင်ဆွဲရှာသည်။ သို့သော် အဖေ့ကိုကြောက်သည့်အမေက အဖေမာန်လိုက် သည့်အခါ ဆက်မဆွဲဝံ့ဘဲ ဘေးမှသာ စိုးရိမ်ပူပင်စွာကြည့်နေခဲ့ရရှာသည်ကို ပြန်အမှတ်ရနေမိသည်။

အိမ်ရှေ့ဆင်ဝင်အောက်တွင် ထွန်းထားသောမီးသီးဝါဝါလေးကိုလှမ်းမြင်လိုက်ရသည့်အခါ အမေအိမ်မှာနေခဲ့စဉ် သူ့ကိုခိုင်းခဲ့သည့်တစ်ခုတည်းသောအလုပ်ကို သတိရလိုက်မိသည်။ သူ ဆယ်တန်းကျောင်းသားအရွယ်ထိ သူ့အဝတ်တွေကိုလည်း အမေလျှော်ဖွပ်ပေးခဲ့သည်။ သူစားသည့်ထမင်းပန်းကန်ကိုလည်း ဆေးပေးခဲ့သည်။ ကျွန်တော်သာမက ညီလေးနှင့်ညီမလေးတို့ကိုလည်း အတူတူပင်ဖြစ်သည်။ အမေက သားသမီးများကို ထိုမျှအထိချစ်ခင် အလိုလိုက်ခဲ့ရှာသည်။ အနွံအတာခံခဲ့ရှာသည်။   အမေ့အကြောင်းတွေးရင်း သူ့မျက်ဝန်းတွင် မျက်ရည်စများ စွန်းထင်းလာခဲ့ပြန်သည်။

အမေ သူ့ကိုခိုင်းခဲ့သည့် တစ်ခုတည်းအလုပ်က ခက်ခဲလှသည့်အလုပ်မဟုတ်ခဲ့ပေ။ အိမ်ရှေ့လမ်းအတွက် ခြံစည်းရိုးတံခါးအနီးတွင်ထွန်းထားသည့်မီးသီးလေးတစ်လုံးကို ဖွင့်ခိုင်းပိတ်ခိုင်းသည့် အလုပ်မျှသာဖြစ်ခဲ့သည်။ သူ့အိမ် ဆင်ဝင်အောက်တွင်ထွန်းထားသောမီးသီးဝါဝါလေးနှင့် အမေ့ခြံတံခါးအနီးမှ မီးသီးဝါဝါလေးတို့သည် တစ်ပုံစံတည်း တူညီနေခဲ့ကြသည်။ မီးသီးဝါဝါလေးများသည် သက်မဲ့အရာဝတ္ထုများသာဖြစ်ခဲ့ကြသော်လည်း သူ့ကို စကားလုံးပေါင်းများစွာပြောနေခဲ့ကြသည်။ ဘဝတွင် မီးသီးလေးတစ်လုံးကြောင့် သူအကြိမ်ကြိမ် မျက်ရည်ကျခဲ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါ။ သို့သော် ဘဝကတွေးမိသည့်အတိုင်း ဖြစ်ချင်မှဖြစ်သလို မတွေးမိသည့်အတိုင်းလည်းဖြစ်တတ်ပေသည်။ မီးသီးလေးတစ်လုံးကြောင့် သူ မျက်ရည်အကြိမ်ကြိမ်ကျခဲ့ရပေသည်။ ယခုလည်း မီးသီးလေးကိုကြည့်ရင်း သူ မျက်ရည်ကျနေခဲ့ရ သည်။

ကြည့်နေရင်း သူ့ရှေ့မှအခန်းနံရံသည် ပိတ်ကားတစ်ချပ်ဖြစ်သွားကာ အတိတ်ပုံရိပ်များထင်ဟပ်လာခဲ့ကြသည်။ သို့သော် ထိုထဲတွင် ပုံရိပ်များက ရောနေခဲ့ကြသည်။ သမီးလေး၏ခေါင်းမှ သွေးများကျဆင်းနေပုံ၊ သမီးတိုက်မိသည့်ခုံလဲပြိုနေပုံ၊ နာကျင်ငိုကြွေးနေခဲ့သည့် သမီးလေးမျက်နှာ၊ စိုးရိမ်ပူပင်စိတ်နှင့် အမေ့မျက်နှာ၊ ဝမ်းနည်းညှိုးငယ်နေသည့်အမေ့မျက်နှာ၊ စိုးရိမ်သောကစိတ်နှင့် ဇနီးဖြစ်သူမျက်နှာ၊ ပူလောင်ဒေါသစိတ်နှင့် သူ့မျက်နှာအားလုံးရောယှက်နေခဲ့ကြသည်။ အရာအားလုံး ပြန်လည်ပြင်ဆင်ခွင့်မရနိုင်တော့ပေ။ ဖြစ်ပြီးရင် ပျက်သွားခဲ့သည်ဆိုသော်လည်း တချို့အရာတွေက ပျက်ပြီးမှဖြစ်သွားခဲ့ရသည်။ နောက်တစ်နေ့တွင် အမေ သူ့သမီးအိမ်သို့ ညှိုးငယ်စွာပြန်သွားခဲ့ရှာသည်။

(၅)

သူ စားပွဲခုံပေါ်သို့မှောက်လှဲချရင်း အိပ်ပျော်သွားခဲ့သည်။ သို့သော် သူ့ကိုယ်သူတော့ အိပ်ပျော်နေခဲ့သည်ဟုမထင်မှတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အမေ့အိမ်သို့ရောက်နေခဲ့သောကြောင့်ဖြစ်သည်။ အမေသည် သူ့အိမ်ထဲသို့ရောက်နေခဲ့သောကြောင့်ဖြစ်သည်။ အမေ့အိမ်ထဲတွင် သူ ကလေးလေးဖြစ်ခဲ့ခြင်းက အရင်လား၊ သူ့အိမ်ထဲတွင် အမေ လူအိုတစ်ယောက်ဖြစ်ခဲ့ခြင်းက အရင်လားဆိုသည်ကိုတော့ သူမမှတ်မိလိုက်ပေ။

အမေသည် သားကြီးဖြစ်သော သူ၏ခေါင်းကိုဖြည်းညင်းစွာပွတ်လျက် “သားရယ် အသက်ငယ်ငယ်လေးနဲ့မေ့တတ်လိုက်တာ၊ မနက်ကလဲ မီးမပိတ်ဘူး၊ အခုလဲ မီးထွန်းဖို့ မေ့နေပြန်ပြီမဟုတ်လား”ဟု ကြင်နာစွာဆိုသည်။ ထုံးစံအတိုင်း အမေပြောမှ သူသတိရလိုက်မိသည်။ သို့သော် ထိုအချိန်တွင် အမေက မီးသီးခလုတ်ကို ဖွင့်ပြီးခဲ့ချေပြီ။ တကယ်တော့ မီးသီးခလုတ်လေး ဖွင့်ဖို့ပိတ်ဖို့အလုပ်လေးကိုပင် အကြောင်းပြချက်မျိုးစုံနှင့် သူအကြိမ်ကြိမ်မေ့လျော့ခဲ့သည်။ အမေပဲ အကြိမ်ကြိမ်ဖွင့်ခဲ့၊ ပိတ်ခဲ့ရသည်။ သို့သော် အမေ့နှုတ်ဖျားက ပြစ်တင်ဆူပူသည့်စကားကို သူမကြားခဲ့ရပေ။ ထို့အတွက်ကြောင့်လည်း သူ ခဏခဏမေ့လျော့နေခဲ့တာဖြစ်နိုင်ပါသည်။ အမေ့အိမ်တွင် သူသည် အပြစ်ကင်းသော ကလေးလေးသာဖြစ်ခဲ့သည်။

သမီးလေးကို စိုးရိမ်စိတ်ဖြင့် ထွေးပွေ့ထားမိသည်။ သူ့ပါးစပ်မှထွက်လာသည့် စကားလုံးများကို သူမတားဆီးနိုင်တော့ပေ။

“အမေရာ ကျွန်တော်အတန်တန်ပြောရဲ့သားနဲ့၊ သမီးလေးကိုပဲ ဂရုစိုက်ပါဆိုတာ၊ အခုတော့ အမေ့ကြောင့် သမီးလေးခေါင်းပေါက်သွားပြီ၊ အမေက မရှက်ပေမဲ့ အမေ့ကို အကြိမ်ကြိမ်ပြောနေရတာ ကျွန်တော်ရှက်တယ်၊ ဒီလိုမှန်းသိရင် အမေ့ကို မခေါ်ပါဘူး”

ယခုတစ်ကြိမ်တွင်မူ အမေ ဘာစကားမျှ မဆိုရှာပါ။ သူ့ကိုသာ မျက်ရည်များဝိုင်းနေသည့် မျက်လုံးအစုံဖြင့် ကြည့်နေခဲ့သည်။ သို့သော် နောက်နေ့မနက်ပြန်ခါနီးတွင် –

“အမေ မြေးလေးကိုပဲထိန်းတာပါကွယ်၊ ကျန်တဲ့အလုပ်တွေ ဘာမှမလုပ်ပါဘူး” ဟူသောစကားကို ပြောသွားခဲ့ရှာသည်။ သူ့အိမ်မှ အပြစ်မကင်းသူတစ်ယောက်ပမာ အမေညှိုးငယ်စွာထွက်ခွာသွားခဲ့ရသည်။

အမေပြန်သွားမှ အမေ့လက်ရောင်နေသည်ကို သတိထားလိုက်မိသည်။ အမေ့တွင် အဆစ်အမျက်ကိုက်ခဲသည့်ရောဂါရှိမှန်း သတိရမိသည်။ အမေဘာဖြစ်နေသည်ကို၊ ဘာစားချင်သည်ကို သူမမေးဘဲ မသိခဲ့နိုင်သော်လည်း (တကယ်တော့ မေးတာတောင် သူမသိနိုင်ခဲ့ပါဘူး) သူဘာဖြစ်နေသည်ကို ဘာစားချင်သည်ကိုမူ ယခုအရွယ်အထိ အမေမမေးဘဲ သိနိုင်ခဲ့လေသည်။

(၆)

အိမ်ရှေ့ဆင်ဝင်အောက်မှ မီးသီးဝါဝါကလေးက သူ့ကို စကားလုံးပေါင်းများစွာပြောပြနေခဲ့သည်။ မီးသီးလေးတစ်လုံးထဲတွင် အစားမထိုးနိုင်သော အမေ၏ချစ်ခြင်းမေတ္တာအလင်းဓာတ်များရှိခဲ့သည်။ ပြီးတော့ လောင်ကျွမ်းနေခဲ့ကြသော သူ၏နောင်တတရားများလည်း ရှိနေခဲ့သည်။ ။

                                            ဥဩ(ချယ်ရီမြေ)