14
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

စောင်းသံကြိုက်တဲ့ကျွဲ

လောကမှာ  မကောင်းတာကို မကောင်းမှန်းသိရက်နဲ့ ဖက်တွယ်ထားတဲ့လူလောက် မိုက်တဲ့သူရှိပါဦးမလား။ ရှိတယ်ဆိုရင်လည်း အဲဒီလူက အရူးပဲ။ ဒါဆိုရင် လူတွေက ဘာလို့သူ့ကို အရူးလို့ သမုတ်နေကြတာလဲ။ တစ်ခါတလေ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်တတ်တာပဲလေ . . .။

+++++++++++++++++++++++

ကျောင်းအားလပ်ရက်တစ်ခုမှာ ဝတ္ထုရေးဖို့ သူဇာတ်ကောင်ကို ဖန်တီးလိုက်တယ်။ သူ့ဇာတ်ကောင်က နယ်မြို့တစ်ခုရဲ့ အထက်တန်းက ကျောင်းဆရာလေးတစ်ယောက်။ ကျူရှင်စနစ်ကိုဆန့်ကျင်တဲ့ ကျောင်းဆရာတစ်ယောက်နေရာက ဖန်တီးတယ်။ အသပြာကို အလေးမထားတဲ့၊ သိပ်ကိုစေတနာပြည့်ဝပြီး လူချစ်လူခင်ပေါများတဲ့ ကျောင်းဆရာတစ်ယောက်၊ ပညာရေးမှာ တကယ့်ကောင်းမွန်ပြည့်စုံတဲ့ ဟီးရိုးတစ်ယောက်အဖြစ် ဖန်တီးလိုက်တယ်။ အဲဒီမှာပဲ ပြဿနာက စတက်တော့တယ်။

“ခင်ဗျားက စာရေးဆရာဆိုတိုင်း ရေးချင်တာလျှောက်ရေးလို့မရဘူး၊ ခင်ဗျားရေးတဲ့အတိုင်း ကျုပ်လိုက်မလုပ်နိုင်တော့ဘူး”

“မင်းက ငါ့ဇာတ်ကောင်လေ ငါရေးချင်တဲ့အတိုင်း လိုက်လုပ်ပေးရမှာပေါ့”

“ခင်ဗျား သိပ်တရားလွန်တယ် ကျုပ်မလုပ်ပေးနိုင်ဘူး”

ဒီနေ့ကတော့ သူ့ဇာတ်ကောင်နဲ့သူဟာ အကြိတ်အနယ်ပါပဲ။

“ခင်ဗျားက သိပ်ကိုအတ္တကြီးတဲ့ စာရေးဆရာပဲ၊ တစ်ခါလာလဲ ပြည့်စုံကောင်းမွန်တဲ့ပညာရေး၊ တစ်ခါလာလဲ အနာဂတ်မျှော်မှန်းချက်ပညာရေးစနစ်သစ် ဒါတွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတယ်၊ ဘယ်မှာလဲ အောက်ခြေကအခက်အခဲတွေ၊ ဘယ်မှာလဲ ဒုက္ခရောက်နေတဲ့ ပညာရေးစနစ်သစ်ရဲ့ အမှားအယွင်းတွေ”

သူဘာမှမပြောခင်မှာပဲ ဇာတ်ကောင်က စိတ်ဆိုးမာန်ဆိုးနဲ့ သူ့အနားက ထွက်သွားတယ်။ သူဘာလုပ်ရမှန်းမသိတော့ဘူး။ ဇာတ်ကောင်ကိုပဲ ဦးစားပေးရမလား၊ သူ့စိတ်ဆန္ဒအရပဲရေးရမလားဆိုတာ ဝေခွဲရခက်နေခဲ့တယ်။ သူ့ဇာတ်ကောင်ကိုချော့မော့ပြီး ဝတ္ထုကိုပြီးအောင်ရေးရမလား၊ ဒါမှမဟုတ် ဇာတ်ကောင်ရဲ့အလိုကျရေးပေးလိုက်ရမလား၊ သူရေးချင်တဲ့အတိုင်းပဲ အတင်းအကျပ်လုပ်ခိုင်းရမလား၊ သူတစ်ယောက်တည်းမေးခွန်းတွေနဲ့ ခေါင်းရှုပ်နေပေမဲ့ သူ့ဇာတ်ကောင်ကတော့ အစရှာမရအောင်ပျောက်ခြင်း မလှပျောက်သွားတယ်။ သူကလည်း လုပ်ချင်ပြီဆိုရင် မရမက တစ်ဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးပါနေတော့ သူ့ဇာတ်ကောင်နဲ့ သဟဇာတဖြစ်ဖို့ မလွယ်ကူပေ။

+++++++++++++++++++++++++++

သူ့ဘဝမှာ သူဖြစ်ချင်တာကိုပဲ ဦးစားပေးခဲ့တယ်။ အဲဒီအတွက်လည်း ဘယ်တော့မှ မှားတယ်လို့ မတွေးခဲ့ဖူးဘူး။ သူဆယ်တန်းအောင်တော့ အမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တယ်။

“မင်း အင်ဂျင်နီယာကျောင်းတက်ရမယ်”

အဖေ့ရဲ့ဆန္ဒကို ငြင်းပယ်ပြီး သူလုပ်ချင်တဲ့ ကျောင်းဆရာဘဝကိုပဲ ရွေးချယ်ခဲ့တာ။ အမေကတော့ သားအဖနှစ်ယောက်ကြား မျက်နှာငယ်လေးနဲ့ပေါ့။

“ခွေးဖြစ်ချင်တဲ့ကောင်၊ မင်းကျောင်းဆရာလုပ်လို့ကတော့ ထမင်းတောင်နပ်မှန်မှာ  မဟုတ်ဘူး၊ အေး ပီတိကိုစားအားရှိတယ်ဆိုပြီး အရူးချေးပန်းလျှောက်အော်နေတဲ့ဘဝကို မက်တယ်ဆိုရင် ငါ့ကို အဖေလို့မခေါ်နဲ့”

အဲဒီနေ့ကစပြီး သူ့နှုတ်က အဖေဆိုတဲ့ဝါကျက အလိုလိုပျောက်ကွယ်သွားခဲ့တယ်။ အမေသေပြီဆိုတဲ့သတင်းကိုတောင် သူများပြောမှ သိရတဲ့အထိပဲ။ သားလို့အသိအမှတ်မပြုတဲ့ အဖေကို အဖေ့သွေးအပြည့်နဲ့ပါလို့ သက်သေပြရင်း  အခုထိ အဖေ့အိမ်ကို မပြန်ဖြစ်ခဲ့ဘူး။ အဲဒီအတွက် သူမှားတယ်လို့ မတွေးမိဘူး။ သူမြတ်နိုးတဲ့ ကျောင်းဆရာဘဝမှာ အောင်မြင်အောင် သူကြိုးစားနိုင်ခဲ့တယ်။ သူ့အလုပ် သူတန်ဖိုးထားခဲ့တယ်။

“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့”ဆိုတဲ့ ဂုဏ်အင်ငါးရပ်နဲ့အညီ လက်မထောင်ခဲ့တဲ့  ဆရာလေ။ မြန်မာစာကို အလေးမထားကြတဲ့ကျောင်းသားတွေ၊ တစ်နိုင်ငံလုံး ဂုဏ်ထူးထွက်ဖို့ခက်တယ်ဆိုတဲ့ မြန်မာစာကို စိန်ခေါ်ပြီး သူသင်ခဲ့တယ်။ ကျူရှင်မသင်တဲ့ဆရာဆိုတဲ့ဂုဏ်ကို သူသိပ်တန်ဖိုးထားခဲ့တာ။ အစိုးရက ထိုက်သင့်တဲ့လစာပေးထားရက်နဲ့ ကျောင်းချိန်မှာ သေချာမသင်ဘဲ ကျူရှင်ခေါ်ပြီး လုပ်စားတယ်လို့ သူအပြောမခံနိုင်ဘူး။ ဟုတ်တယ်လေ၊ ကျောင်းစာသင်ချိန်မှာ ချမှတ်ထားတဲ့ သင်ကြားမှုပုံစံနဲ့ သင်ရိုးညွှန်းတမ်းကို ကိုက်ညီမှုရှိအောင် စနစ်တကျသင်ကြားပို့ချပေးရင် ကျူရှင်ဆိုတာ ဖြစ်လာစရာမှမရှိဘဲ။ ငွေမျက်နှာကိုကြည့်ပြီး ကိုယ်ကျင့်တရားကို ရောင်းစားတဲ့ဆရာတွေကြောင့် ပညာရေးဟာ ဆုတ်ယုတ်လာတာပေါ့။ မိဘတွေကလည်း သူတို့ရဲ့ ရင်သွေးအတွက် အကောင်းဆုံးဖြစ်စေချင်တာကို နားလည်ပါတယ်။ ကျူရှင်မရှိတုန်းကလည်း လူတွေအောင်မြင်ခဲ့ကြတာပဲမဟုတ်လား။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရော ကျူရှင်တက်ပြီး ဒီနေရာကို ဖြစ်လာခဲ့တာလား၊ အမေရိကန်သမ္မတကြီး အိုဘားမားတို့၊ ဒေါ်နယ်ထရမ့်တို့ရော ကျူရှင်တက်ခဲ့ကြသေးလား၊ သူသံသယဖြစ်လာမိတယ်။  သူကတော့ သူ့လုပ်ရပ်အတွက် အမြဲတမ်းလိပ်ပြာလုံတယ်။

++++++++++++++++++++++++++

လူတွေက ခက်တယ်။ ကိုယ်လည်းမလုပ်နိုင်ဘူး၊ သူများလုပ်တာကိုလည်း မုဒိတာမပွားနိုင်ကြဘူး။ သူကျူရှင်မသင်တာကပဲ အပြစ်ကြီးတစ်ခုလို အပြောခံရသေးတာ။

“အဲဒီကျောင်းဆရာက အလကားဆရာပါကွာ၊ ကျူရှင်ဆရာတွေ သူဌေးဖြစ်နေတဲ့ခေတ်မှာ ကျူရှင်ဆန့်ကျင်ရေး လာလုပ်နေသေးတယ်”

“ပီတိဆရာ ဘာညာနဲ့ ဘဝင်မြင့်နေတဲ့ဆရာပါကွာ”

သို့လောသို့လောတွေနဲ့ မကောင်းမြင်တာလည်း ရှိကြတယ်။ တချို့မိတ်ဆွေတွေကလည်း စေတနာနဲ့ ဖျောင်းဖျကြတယ်။

“အစိုးရလစာတစ်ခုတည်းနဲ့ လောက်ငတာလဲ မှန်တာပေါ့ဆရာလေးရယ်၊ ဒါပေမဲ့ ကျန်းမာရေး၊ လူမှုရေးအတွက်က ရှိသေးတယ် မဟုတ်လား၊ နောက်ပြီး လူကြားသူကြားသွားရင် အမြင်သင့်တော်စေမဲ့ လူ့အသုံးအဆောင်လေးတွေ ဆင်မြန်းရတာလဲ ရှိတယ်လေ၊ အခုက နာရီလေးတစ်လုံးတောင် ဆရာ့မှာမရှိဘူးလေ”

“ဟုတ်ပါတယ်ဆရာလေးရယ် အခုက တစ်ယောက်တည်းမို့ ဖြစ်သလိုနေလို့ရတယ်ဆိုပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာခဲ့ရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး”

သူတောင် အဲဒီလောက်ထိ မစဉ်းစားခဲ့တာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် သူကတော့ ပြောင်းလဲဖို့ စိတ်ကူးမရှိဘူး။ သူနောက်ထပ် မြတ်မြတ်နိုးနိုးလုပ်တဲ့ အလုပ်တစ်ခုကတော့ စာရေးတာပါပဲ။ ပညာရေးဆောင်းပါးတွေ၊ လူငယ်ပြုပြင်ရေးဆောင်းပါးနဲ့ ဘဝအတွေ့အကြုံဝတ္ထုတွေရေးရတာ သိပ်ကြိုက်တယ်။ ပညာရေးအသိုင်းအဝိုင်းနဲ့ မိတ်ဆွေစာရေးဆရာအနည်းငယ်ကြားမှာတော့ အတော်အသင့် ခရီးရောက်ပါတယ်။ မိတ်ဆွေစာရေးဆရာထဲမှာလည်း ကျောင်းဆရာတချို့ပါရဲ့။ အပြင်မှာဆုံဖြစ်တဲ့အချိန်ဆိုရင် စာပေရေးရာတွေက ပြောမကုန်။ ပညာရေးစနစ်သစ်ရဲ့အသစ်အသစ်သော နှစ်စဉ်အသစ်ပြောင်းလဲမှုအကြောင်း၊ အောက်ခြေပညာရေးဝန်ထမ်းတွေရဲ့ ဒုက္ခတွေအကြောင်း၊ ဝန်ထမ်းချင်းအတူ အထက်ဖားအောက်ဖိ လူ့အတ္တသမားတွေအကြောင်း စုံလို့ပေါ့။ တစ်နေ့မှာ သူ့ဇာတ်ကောင်နဲ့သူ ပြဿနာတက်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အခုတော့ တကယ်ပဲဖြစ်လာခဲ့ရပြီ။ ဖြစ်လာတော့လည်း ရင်ဆိုင်ရုံသာရှိတာပေါ့။

+++++++++++++++++++++++

“ဟေ့ ပညာရေးမဏ္ဏိုင်ကြီး လက်ဖက်ရည် လာသောက်တာလား၊ လာလေဗျာ စကားလေးဘာလေးပြောရအောင်”

စိတ်ရှုပ်နေတဲ့အချိန် မတွေ့ချင်မမြင်ချင်တဲ့သူနဲ့ တွေ့ရမြင်ရတဲ့အခိုက်အတန့်ဟာ အပူလောင်ရဆုံးပဲ။ တစ်မြို့လုံးမှာ အအောင်မြင်ဆုံးဆိုတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို တည်ထောင်ထားတဲ့လူ။ အတော်ဆုံးဆိုတဲ့ ကျောင်းဆရာတွေချည်းရွေးချယ်ပြီး သင်ကြားပေးတဲ့ကျောင်း။ သူ့ကိုလည်း အဲဒီကျောင်းမှာလာသင်ဖို့ နည်းမျိုးစုံနဲ့ စည်းရုံးတတ်တဲ့လူ။ သူကိုယ်တိုင်က စိတ်မဝင်စားလို့ ခါးခါးသီးသီးငြင်းပယ်ထားတာကို မျက်နှာပြောင်တိုက်ပြီး တွေ့တိုင်း သူ့ကျောင်းမှ စာသင်ဖို့အရေး စည်းရုံးနေတော့တယ်။ ကြာတော့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေရတယ်။ ခက်တာက တစ်မြို့တည်းဆိုတော့လည်း တစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့ရစမြဲပေါ့။ လူကြီးလူကောင်းဆန်ဆန်ဖိတ်ကြားနေတာမို့ သူလည်း မငြင်းသာဘဲ ဝင်ထိုင်လိုက်ရတယ်။

“ကျောင်းနားရက်မို့ စာရေးမလို့ကို အာရုံမလာဘူးဖြစ်နေလို့ တစ်ယောက်တည်း အေးအေးဆေးဆေး အကြံပေါက်အောင် အဖန်သောက်ဖို့ လက်ဖက်ရည်ဆိုင်ဘက်ထွက်လာတာ”

သူ့စကားရဲ့အဓိပ္ပာယ်ကို နားလည်တယ်ထင်ပါရဲ့။ သူ့အတွက် လက်ဖက်ရည်တစ်ခွက်မှာပေးပြီး၊ ဆေးလိပ်တစ်လိပ်ကို ယူသောက်ပြီး ငြိမ်နေတယ်။ ထိုနေ့က ဒီလူ့ပါးစပ်က သူ့ကျောင်းမှာ စာသင်ပေးဖို့ မစည်းရုံးပါဘူး။ ကျန်းမာရေး၊ လူမှုရေးနဲ့ အာလာပသလ္လာပအကြောင်းတွေသာ ပြောဖြစ်ကြတယ်။ နောက်စာပေအကြောင်းကို ဒီလူ့ပါးစပ်ကထွက်လာတော့ သူ အံ့သြမိသေးတယ်။

“ဆရာလေးက စာလဲရေးတယ်ဆိုတော့ ကျုပ် တစ်ခုစဉ်းစားမိတယ်ဗျ”

“ဟုတ်ကဲ့”

“စာရေးဆရာတွေနဲ့ ရင်းနှီးမှာပေါ့နော်”

“တချို့တလေ ရင်းနှီးတာတွေတော့ရှိပါတယ်၊ စာရေးဆရာတိုင်းနဲ့တော့ သိကျွမ်းဖို့မလွယ်ဘူးဗျ၊ ဒါနဲ့ ခင်ဗျားက ဘာလို့မေးတာလဲ”

 ဒီလူအကြောင်းမရှိဘဲ မေးမှာမဟုတ်ဘူးဆိုတာ သူသိတာပေါ့။

“ဒီလိုပါဆရာလေး စာမေးပွဲလဲ နီးပြီမဟုတ်လား၊ အဲဒီတော့ ကျွန်တော့်ကလေးတွေ အသိပညာဗဟုသုတလေးတွေရအောင် စာပေဟောပြောပွဲလေးလုပ်ပေးရင် ကောင်းမလားလို့ပါ၊ ဆရာလေးက လက်ရှိပညာရေးဝန်ထမ်းဆိုတော့ ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေရယ်၊ ကလေးတွေ စိတ်ဓာတ်တက်ကြွစေမဲ့အကြောင်း လေးတွေ ပြောပေးစေချင်လို့ပါ”

 ဒီလိုဆိုတော့လည်း ဒီလူ့စိတ်ဓာတ်လေး မဆိုးပါဘူးလို့ စိတ်ထဲကချီးကျူးလိုက်မိတယ်။ တချို့က ကျောင်းအောင်ချက်မြင့်မားဖို့အတွက် အကောင်းဆုံးဆိုတဲ့ ဆရာတွေကိုသာခေါ်ပြီးသင်ပေးပေမဲ့ တခြားလိုအပ်တဲ့ကျန်းမာရေးတို့၊ အားကစားတို့ ပြင်ပဗဟုသုတတွေကိုတော့ လုပ်ပေးကြတာ မဟုတ်ဘူးလေ။ ဒီလူ့သဘောဆန္ဒလေးက အကောင်းဘက်ဦးတည်သယောင်ရှိတာမို့ သူလည်း စိတ်ပါလက်ပါ ဆွေးနွေးဖြစ်ခဲ့တယ်။ အိမ်ထဲမှာ စိတ်ရှုပ်လို့အပြင်ထွက်လာရကျိုးလည်း နပ်သွားတာပေါ့။ သူနဲ့အတူ နောက်ထပ် စာရေးဆရာနှစ်ယောက်ဖိတ်ပေးစေချင်ကြောင်းပြောလို့ လက်ခံလိုက်တယ်။ လိုအပ်တဲ့အသေးစိတ်အချက်တွေဆွေးနွေးပြီး ရက်အတိအကျဖြစ်ရင် အကြောင်းပြန်ဖို့ သူလည်း စာရေးဆရာတွေအဆင်ပြေရင် အကြောင်းပြန်ပေးပါ့မယ်လို့ ကတိပေးပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ အိမ်ပြန်ရောက်ရင်တော့ သူ့ဇာတ်ကောင်နဲ့အဆင်ပြေဖို့ ကြိုးစားရဦးမယ်။

++++++++++++++++++++++++++

 အိမ်ပေါက်ဝရောက်တော့ တစ်ဖက်အိမ်က ဦးလေးဖိုးထူးက မနှုတ်ဆက်စဖူး လှမ်းနှုတ်ဆက်တယ်။

“ဗျို့ဆရာလေး လက်ဖက်ရည်ဆိုင်က ပြန်လာတာလား မောနင်းပါ”

မနှုတ်ဆက်စဖူးနှုတ်ဆက်ပြီး နှုတ်ဆက်တော့လည်း နေ့နဲ့ညမှားပြီး နှုတ်ဆက်နေပါ့လား။  ဒီလူကြီး အသက်ကြီးပြီး ရူးများသွားပြီလားလို့ သူတွေးမိတယ်။ ဒါမှမဟုတ် အီးဗနီးလို့ပြောရမှာကို မပြောတတ်မဆိုတတ် မောနင်းလို့ ပြောလိုက်တာများလား။ အခုတလော ဒီလူကြီး သူ့ကိုကြည့်တဲ့အကြည့်တွေက တစ်ခုခုတော့တစ်ခုခုပဲလို့ သူခံစားမိတယ်။ သူလည်း စကားသိပ်မပြောချင်တာနဲ့ “ဟုတ်” တစ်ခွန်းတည်းဖြေပြီး အိမ်ထဲဝင်လိုက်တယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်ကိစ္စက ရှိသေးတယ်မဟုတ်လား။ အထွေအထူးလုပ်စရာလည်းမရှိတာမို့ စာရေးစားပွဲမှာထိုင်ပြီး ဝတ္ထုရေးဖို့ ဇာတ်ကောင်ကို နှိုးလိုက်တယ်။

“ကဲကွာ ဒီဝတ္ထုလေးကို ငါပြီးအောင်ရေးချင်တယ်ကွာ မင်းငါ့ကို ကူညီပါ”

“ကျုပ်ပြောတဲ့အတိုင်း ရေးမယ်ဆိုရင် ခင်ဗျားကို ကူညီမယ်ဗျာ”

“အဲဒီလိုတော့ မဖြစ်သေးဘူးလေကွာ၊ ငါ့ ဇာတ်လမ်းကို ဖရိန်ချထားပြီးနေပြီ”

 အခုထိကို ဇာတ်ကောင်က သူ့ဆန္ဒကို ဆန့်ကျင်နေတုန်းပဲ။

“ဒီလိုလုပ်ဗျာ ခင်ဗျားရေးချင်တဲ့အကြောင်းကို ကျုပ်ကို အရင်ပြောပြ ကျုပ်မလုပ်နိုင်တဲ့နေရာဆိုရင် ညှိနှိုင်းကြတာပေါ့”

 အင်း . . . ဒီလိုဆိုရင်တော့ အရင်ထက်စာရင် အခြေအနေကောင်းတယ်။ နောက်တစ်ဆင့်တက်ပြီးမှ ဇာတ်ကောင်ကို အပိုင်ချုပ်မယ်လို့ သူတွေးလိုက်တယ်။

“ဒီလိုကွာ ငါရေးချင်တာက မင်းက ကျောင်းဆရာတစ်ယောက်၊ ပြီးတော့ ဆရာဆိုတဲ့ဂုဏ်ကို တန်ဖိုးထားပြီး စေတနာအပြည့်နဲ့ သင်တယ်ပေါ့၊ အေး အချိန်ပိုတွေလဲ အခမဲ့သင်ပေးတယ်ကွာ၊ တချို့ ပိုက်ဆံမတတ်နိုင်တဲ့ ကျောင်းသားတွေကို စာရေးကိရိယာတွေလဲ လှူတယ်ပေါ့”

“အိုကေ အခုထိတော့ အဆင်ပြေသေးတယ်”

 ဇာတ်ကောင်ဆီက ထောက်ခံချက်ကြောင့် သူပီတိဖြစ်သွားပြီး နောက်တစ်ဆင့်တက်လိုက်တယ်။

“ပြီးတော့ကွာ ကောင်းမွန်ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားမှုပုံစံတွေနဲ့ မွမ်းမံသင်တန်းတွေအကြောင်းရေးမယ်ကွာ”

သူ့စကားမဆုံးခင်မှာပဲ ဇာတ်ကောင်က ချက်ချင်းထပြီး ကန့်ကွက်ပါလေရော။

“ဒါတော့ ခင်ဗျား သိပ်ကိုတရားလွန်သွားပြီ၊ ကျုပ်ကို ဒီပညာရေးဆိုတဲ့ အရှုပ်ထုပ်ကြီးထဲမှာပဲ နစ်မွန်းစေချင်တာလား၊ ကျုပ်ကိုလဲ နှလုံးသားရေး ကိစ္စလေးဘာလေး ရင်ခုန်ရအောင် လုပ်ပေးအုံးလေဗျာ”

အရေးထဲ တဏှာရူးဇာတ်ကောင်နဲ့ လာတွေ့နေရသေးတယ်လို့ သူ့စိတ်ထဲက ကျိန်ဆဲပစ်လိုက်တယ်။ ဇာတ်ကောင်က ထပ်ပြောတယ်။

“နောက်ပြီး ခင်ဗျားပြောတယ်နော်၊  ဘာတဲ့ ကောင်းမွန်ပြည့်စုံတဲ့သင်ရိုးညွှန်းတမ်း ဟုတ်လား၊ ဘာကောင်းမွန်တာလဲ၊ အခုမှ ဟိုစမ်းစမ်းဒီစမ်းစမ်း လျှောက်လုပ်နေတဲ့ဟာကို ပြီးတော့ သင်ကြားမှုပုံစံဆိုတာကလဲ တစ်နှစ်တစ်မျိုးမရိုးနိုင်အောင် သစ်လို့ကို မဆုံးနိုင်ဘူး”

မောသွားလို့ထင်ပါရဲ့ သူ့ဇာတ်ကောင်က စကားကိုခဏရပ်ပြီး စာရေးစားပွဲပေါ်ကရေဘူးကို ယူမော့လိုက်သေးတယ်။

“မွမ်းမံသင်တန်းဟုတ်လား၊ အဲဒါက ပိုပြီးတောင်ဆိုးသေးတယ်၊ ခင်ဗျား ပညာရေးတက္ကသိုလ်တက်တုန်းက ဘယ်နှနှစ်သင်တန်းလဲ”

“လေးနှစ်လေ”

“အင်း . . . လေးနှစ် ၊ အခု နှစ်နှစ်ဖြစ်လိုက်၊ လေးနှစ်ပြန်ပြောင်းလိုက်နဲ့ အတည်ကိုမပြုနိုင်သေးဘူး၊ နောက်ပြီး ဆရာ၊ ဆရာမအင်အားနည်းတယ်ဆိုပြီး နေ့စားလပေးဆွဲခန့်ဆရာအင်အားထပ်ဖြည့်တယ်၊ ဘာသင်ကြားရေးပုံစံမှမသိဘဲ သင်ခိုင်းတယ်၊ ရှိပါသေးတယ် ပညာရေးကောလိပ်ဆိုတာ၊ ခင်ဗျားတို့တောင် လေးနှစ်နဲ့သင်ကြားရေးပိုင်းမှာ ကျွမ်းကျင်အောင်တတ်ခဲ့တာမဟုတ်ဘဲ လပိုင်းလေးသင်တန်းပေးပြီး ရော့ဟဲ့ဆရာဖြစ်စေဆိုတဲ့ ပညာရေးစနစ်ကြီးက ကောင်းမွန်ပြည့်စုံတယ်လို့ ခင်ဗျားက ရေးချင်တာလား၊ မသိတဲ့လူကို မတတ်တဲ့ဆရာက သင်ပေးသလိုဖြစ်မနေဘူးလား၊ ဒါကြောင့် ခင်ဗျားသိပ်ကို တရားလွန်တယ်လို့ပြောတာ၊ ကျုပ် အဲဒီလိုလိုက်ပြီး မရေးပေးနိုင်ဘူးဗျာ”

ဇာတ်ကောင်နဲ့သူ အကြိတ်အနယ်ငြင်းခုံဆွေးနွေးပြီး အခြေအနေက တင်းမာလာခဲ့တယ်။

“ခင်ဗျားဇာတ်လမ်းကို ကျုပ်ပြောသလို ရေးမယ်ဆိုရင် ကျုပ်လိုက်လုပ်ပေးမယ်”

“ဟ ဒါမျိုးတော့ မဖြစ်နိုင်ဘူးလေကွာ”

“ဘာလို့မဖြစ်နိုင်ရမှာလဲ ခင်ဗျားက စာရေးဆရာပဲ ရအောင်ရေးပေါ့”

“မင်းတော့ရူးသွားပြီ”

“ကျုပ်ကမရူးဘူး ခင်ဗျားကရူးနေတာ၊ လူတွေကိုလဲ သေချာလိုက်ပြီးမေးကြည့်အုံး၊ ခင်ဗျား ရူးနေပြီဆိုတာ လူတိုင်းသိတယ်”

“ဒီမယ် ဇာတ်ကောင် ငါမရူးဘူးဆိုတာ ငါသိတယ်၊ စိတ်ချ မင်းကို ဒီနေ့ပဲ ဒီဝတ္ထုထဲကနေ အရူးထောင်ရောက်အောင် ပို့ပြမယ်”

“ဟား . . . ဟား . . . ဟား . . . ခင်ဗျားစောင့်ကြည့်ထားလိုက်ပါ၊ ဘယ်သူက အရူးထောင်သွားရမလဲဆိုတာ၊ ကျုပ် ဒီဝတ္ထုကို ပြီးအောင်ရေးပြီး ခင်ဗျားကို အရူးထောင်ပို့ပြမယ်”

+++++++++++++++++++++++++++

သိပ်မကြာခင်မှာပဲ သူ့ဇာတ်ကောင်က ဝတ္ထုကို အပြီးသတ်အောင် ရေးပစ်လိုက်တယ်။ ဆေးရုံကားဥသြဆွဲသံတွေ အိမ်ရှေ့မှာ ဆူညံနေတာကြောင့် သူထွက်ကြည့်တော့ စိတ်ကျန်းမာရေးဆေးရုံက ဝန်ထမ်းသုံးယောက်က သူ့ကို ကားပေါ်အတင်းခေါ်တင်သွားကြတယ်။ သတိရလို့ စာရေးစားပွဲကိုလှမ်းကြည့်တော့ ဇာတ်ကောင်က  သူ့ကို ပြုံးပြုံးကြီးကြည့်ပြီး လက်ပြနှုတ်ဆက်နေတယ်။ ။

                                                       ဇွဲ(ပညာရေး)