23
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

လုံ့လများစွာတို့အတွက် အားနာစွာဖြင့်

(၁)

“ကဲ… ဆရာ မင်းကို နောက်ဆုံးတစ်ခုပဲမေးမယ်၊ အခု ဒီစာမေးပွဲအောင်ရင် မင်းဆရာဝန်ဖြစ်တော့မယ်၊ ဖြစ်ပြီးရင် မင်းဘာလုပ်မလဲ…ပြော”

အံ့အားသင့်စွာဖြင့် ပါမောက္ခကြီးမျက်နှာကိုတစ်လှည့်၊ မိမိရှေ့မှ စာဖြေဆေးကျောင်းသားကလေး၏မျက်နှာကိုတစ်လှည့် ကြည့်မိလိုက်သည်။ ရှေ့ကဖြေသွားသောအဖြေများအရ သည်ကျောင်းသား အောင်မည်မဟုတ်မှန်းကို တွဲဖက်စာစစ်ဆရာလုပ်လာသော သက်တမ်းမနည်းလှသဖြင့် ရိပ်မိသည်။ ပါမောက္ခကြီး သည်မေးခွန်းကို ဘာကြောင့်မေးမှန်းတော့ စဉ်းစားလို့မရ။

ဒီထက်ပို၍အံ့သြစရာကောင်းလှသည်က ကျောင်းသား၏အဖြေစကား။

“ကျွန်တော်စဉ်းစားနေတုန်းပါပဲ ဆရာကြီး”

ပါမောက္ခကြီးရော မိမိပါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ဘာပြောတာလဲကွ၊ ဆရာမေးတာက မင်း ဒီစာမေးပွဲအောင်ပြီးရင် ဆရာဝန်လုပ်မယ်မဟုတ်လား၊ အဲဒါကိုမေးတာလေကွာ”

“အဲဒါကိုစဉ်းစားနေတာပါဆရာကြီး၊ လုပ်သင့်၊ မလုပ်သင့်”

ထိချက်ကပြင်းသည်၊ ရင်ထဲတွင် အောင့်ခနဲခံစားလိုက်ရသည်။ ရုတ်တရက်စကားမပြန်နိုင်။ အတွေ့အကြုံပြည့်ဝပြီး ရင့်ကျက်သူ ပါမောက္ခကြီးကတော့ အေးအေးပင်ပြန်မေးပြန်သည်။

“မင်းကလဲကွာ၊ ဒီကျောင်းမှာ နှစ်ပေါင်းများစွာတက်ခဲ့တုန်းက မင်းပင်ပန်းခဲ့၊ မင်းကြိုးစားခဲ့ရတာတွေ မိဘတွေက ပံ့ပိုးခဲ့ရ၊ ဖြည့်ဆည်းခဲ့ရ၊ မျှော်လင့်ခဲ့ရတာတွေ ဒါတွေအားလုံး အလဟဿပေးဖြစ်တော့မလို့လား၊ မင်း.. အားမနာတော့ဘူးလား”

မှန်ပါသည်။ ဆေးတက္ကသိုလ်ကျောင်းသား ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရသော စိတ်ရောလူပါ ပင်ပန်းဆင်းရဲမှုများ၊ စိုက်ထုတ်ခဲ့ရသောလုံ့လများမှာ ဘယ်အရပ်နှင့်မှမတူကြောင်း လူတိုင်းသိပါသည်။ လူတိုင်းထက်တော့ ကိုယ်တိုင်ရင်ဆိုင်ခံစားခဲ့ကြရသော ဆေးကျောင်းသူ၊ ဆေးကျောင်းသားတို့ သိကြပါသည်။ ပန်းတိုင်ရောက်လုနီးခါမှ “ဆရာဝန်လုပ်သင့်၊ မလုပ်သင့် စဉ်းစားနေရသော” ထိုဆေးကျောင်းသားကို ဘယ်လိုမှ နားလည်ခံစားပေးနိုင်စွမ်းမရှိခဲ့ပါ။

မိမိအတွက် ငဲ့ကွက်ဦးစားပေးခဲ့ရသော၊ အစစအလျှော့ပေးလိုက်လျောခဲ့ရသော ပတ်ဝန်းကျင်ကလေးများ ဆေးကျောင်းသား၊ ဆေးကျောင်းသူတို့၏ပတ်ဝန်းကျင်တွင် ရှိနေတတ်ကြပါသည်။   မိဘ၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း၊ နောက်ဆုံး ချစ်သူကအစ ဆေးကျောင်းသား၊ ဆေးကျောင်းသူတို့နှင့်ပတ်သက်လာလျှင် –

 “သူ့ခမျာ စာမေးပွဲတွေနဲ့၊ စာတွေနဲ့”ဟု ခွင့်လွှတ်ခဲ့ရ၊ အလျှော့ပေးခဲ့ကြရဖူးသည်သာပင်။ ထိုပတ်ဝန်းကျင်၏စာနာဖေးမမှုတို့ကို မထောက်ထားနိုင်ခဲ့သည်ထား…၊ ကိုယ်ကိုယ်တိုင်စိုက်ထုတ်ခဲ့ရသော လုံ့လများစွာတို့ကိုသာ အားနာတတ်ကြမည်ဆိုလျှင်….။

ဘာဆက်ပြောရမှန်းမသိဖြစ်နေသော ဆေးကျောင်းသားကလေး၏မျက်နှာကိုစိုက်ကြည့်ရင်းကပင် အတွေးတို့လွင့်မျောသွားသည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်အချိန်။ မိမိကိုယ်တိုင်ကလည်း သည်ကလေး၏ယခုအသက်ထက် အနည်းငယ်မျှသာကြီးသည်။ လူငယ်ဆရာဝန်ကလေးတစ်ဦးဘဝ အချိန်ကိုပါ။

(၂)

ရှေ့တန်းစစ်မျက်နှာစခန်းတစ်ခု။

ကရင်ပြည်နယ်၊ ဒေါနတောင်အရှေ့ခြမ်းတွင်တည်ရှိသည်။ အနီးဆုံးကျေးရွာနှင့် နေ့ဝက်ခရီး လမ်းလျှောက်ရသည်။ အချိန်က မိုးအကုန် ဆောင်းအဝင် နေပြောက်မထိုးနိုင်သော တောအုပ်ဖုံးနေသည့် တောင်စခန်းဖြစ်၍ စိမ့်နေအောင်အေးသည်။ ရေရှားသည်။ အစာရှားသည်။ မြွေအလွန်ပေါသည်။ ကင်းမြီးကောက်အလွန်ပေါသည်။ အပေါဆုံးကတော့ ငှက်ဖျား။

ဒါကလည်း အပြစ်တင်၍မရ။ ငှက်ဖျားပေါရခြင်းသည် မိမိ သည်စခန်းသို့ရောက်နေရခြင်း၏ တစ်ခုတည်းသောအကြောင်းမဟုတ်ပါလား။ မိမိတာဝန်က “ရှေ့တန်းအခြေပြု ငှက်ဖျားသုတေသနဆေးမှူး”။

ငှက်ဖျားရောဂါကာကွယ်ဆေးသစ်တစ်ခုကို သုတေသနပြုရန် ညွှန်ကြားရေးမှူးကိုယ်တိုင်က စီစဉ်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မိုးတွင်းကာလတိုက်ပွဲများအေးနေချိန်တွင် ငှက်ဖျားအထူထပ်ဆုံးဒေသတွင် အခြေစိုက်တပ်စွဲထားသော တပ်ရင်းတစ်ခုအား ထိုငှက်ဖျားကာကွယ်ဆေးဖြင့် ကာကွယ်စောင့်ရှောက်မည်။ ဆေးသစ်ဖြစ်၍ ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက ဆရာဝန်ရှိနေရမည်။ ပုံမှန်အားဖြင့် ထိုမျှရှေ့တန်းကျသော ရင်ဆိုင်ကုန်းစခန်းများတွင် ဆရာဝန်ရှိလေ့မရှိ။ ထို့ကြောင့် ဆရာဝန်တစ်ဦး ရွေးချယ်ဖို့ဖြစ်လာသည်။ သတင်းကြားရသောအခါ မိမိကိုယ်တိုင်ကပင် လိုက်ပါလိုကြောင်း ဆန္ဒပြုခဲ့သည်။

အကြောင်းကတော့ မည်မည်ရရစဉ်းစားလို့မရ။ လူစွမ်းကောင်းလုပ်လိုစိတ်ပဲလား၊ သုတေသန၏အရေးကြီးမှုအပေါ် ယုံကြည်သက်ဝင်မိ၍ပဲလား။ ဒီမတိုင်ခင်ကရောက်နေခဲ့သည့် နောက်တန်းဆေးရုံတစ်ခု၏ပတ်ဝန်းကျင်တွင် မပျော်ပိုက်ဖြစ်နေ၍ပဲလား။ အဖြေကို သည်နေ့အထိ စဉ်းစားလို့မရ။

ဘာပဲဖြစ်ဖြစ် သည်စခန်းသို့ရောက်လာခဲ့သည်။ ထင်တာတွေလည်းဖြစ်ခဲ့သည်။ မထင်တာတွေလည်းဖြစ်ခဲ့သည်။ ထင်တာတွေက ဆေးသစ်သည် ထင်ထားသည့်အတိုင်း အာနိသင်ထက်မြက်ပြီး ဘေးထွက်ဆိုးကျိုးနည်းနေခဲ့သည်။ မထင်တာတွေကတော့ အစုံပင်။ မမျှော်လင့်ဘဲ တိုက်ပွဲပေါင်းများစွာနှင့် ပက်ပင်းတိုးရသည်။ မြွေပေါက်ခံရခါနီးဆဲဆဲ အကြိမ်များ မကြာခဏကြုံရသည်။ ကင်းမြီးကောက် နှစ်ခါအကိုက်ခံရသည်။ ငှက်ဖျားနှစ်ခါဖြစ်သည်။ ၄ လနှင့်ပြန်ဝင်ရန်ရည်ရွယ်ထားခဲ့သော်လည်း တိုက်ပွဲများကြောင့် ၈ လအထိ ပြန်ရန်လမ်းစမမြင်ခဲ့ရ။

မထင်မှတ်သောအခြေအနေများကြောင့်  သုတေသနသက်တမ်းတစ်ဝက်တွင် ရှေ့တန်းသို့လိုက်လာ၍ သွေးဖောက်စစ်ဆေးမည့်အဖွဲ့ မလာနိုင်ခဲ့။ သက်ဆိုင်ရာတပ်ရင်းမှူးကို ခွင့်တောင်း၍ ရှေ့ကာကုန်းများသို့ တစ်ကုန်းတက်တစ်ကုန်းဆင်း မိမိကိုယ်တိုင်လှည့်လည်သွေးဖောက်ခဲ့ရသည်။ အတူအိပ်၊ အတူစား သားအရင်းတမျှ မိမိကို သံယောဇဉ် ရှိနေပြီဖြစ်သည့် တပ်ရင်းမှူးကြီးက စိတ်မချစွာဖြင့် ကိုယ်တိုင်လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။

နောက်ပိုင်းရိက္ခာပြတ်တော့ ထမင်းကို ဟင်းမပါဘဲစားရသည့်ဘဝလည်း ကြုံရသည်။ တပ်ရင်းမှူးကြီးကတော့ အားနာစွာဆိုသည်။

“တပည့်လေးတွေ အစားအသောက်တော်တော်ဆင်းရဲနေပြီ ဆရာဝန်ရယ်၊ ကျွန်တော်နဲ့ဆရာဝန် ခါတိုင်းလိုအတူမစားဘဲ ခွဲစားကြရအောင်၊ ကျွန်တော်က စစ်သားဆိုတော့ရိုးနေပြီ၊ ကျွန်တော်စားသလို ဆရာဝန်ကိုမစားစေချင်ဘူး၊ တပည့်တွေကို ဆရာဝန်တစ်ယောက်စာတော့ ဖြစ်အောင်ဖန်တီးပေးခိုင်းလို့ရတယ်၊ ကျွန်တော်ကတော့ တပည့်တွေစားသလိုမှမစားရင် တပည့်တွေစိတ်ဓာတ်ကျလိမ့်မယ်”

မျက်နှာပင် နွေးခနဲဖြစ်မိ၏။

“မဟုတ်တာဘဲ အဘရယ်၊ အဘတောင် စားနိုင်ရင် ကျွန်တော်လဲစားနိုင်ပါတယ်၊ ဒီလိုပဲ တပည့်တွေနဲ့အတူတူစားကြတာပေါ့”

သူက အံ့သြသည့်မျက်နှာပြတော့ ကိုယ်က ပို၍ပင်အနေရခက်မိပါသည်။ နောက်ဆုံးတော့ နှစ်လလောက်အတူ အစားဆင်းရဲခဲ့ကြပြန်သည်။ နောင်တိုက်ပွဲတွေများလာတော့ “ငှက်ဖျားဆရာဝန်” ဘဝကိုခဏမေ့၍ “အရေးပေါ်ထိခိုက်ဒဏ်ရာကုဆရာဝန်” အလုပ်ကို လုပ်ရပြန်သည်။ ည ၁ဝ နာရီ တွင်ရောက်လာသော လူနာ ၆ဝ ကျော်ကို မိုးမလင်းမချင်း ဆေးတပ်သားတစ်ဦး၏အကူအညီဖြင့် ပြုစုစောင့်ရှောက်ခဲ့ဖူးခြင်းသည် မိမိ၏ဆရာဝန်ဘဝတစ်လျှောက် ပင်ပန်းမှုအမြင့်ဆုံးမှတ်ကျောက်အဖြစ် မိမိဘာသာသတ်မှတ်မိ၏။

နောက်ဆုံးမှာတော့ တိုက်ပွဲက လက်တစ်ကမ်းအထိရောက်လာသည်။ ဆရာဝန်များထဲတွင်တော့ ကိုယ့်ကိုယ်ကိုယ်အတော်သတ္တိကောင်းသည်ဟုထင်မိသော်လည်း တိုက်ပွဲက လက်တစ်ကမ်းရောက်လာချိန်တွင်တော့ စစ်သည်များ၏တည်ငြိမ်မှုကို လိုက်မမီနိုင်ခဲ့။ ရင်ထဲကစိုးရွံ့စိတ်ကို ဘေးလူမသိအောင် ကြိုးစားဖုံးဖိပြီး ပြုံးပြနေခဲ့ရသည်။

(၃)

ဆောင်းဝင်လေပြီ။ မြူတို့က ပိတ်နေအောင်ဖုံးသည်။ တိုက်ပွဲက မမျှော်လင့်ဘဲ ခေတ္တပြန်ငြိမ်သက်သွားသည်။ လှည့်လည်စစ်ဆင်နေသော တပ်ရင်းမှူးကြီးနှင့်အဖွဲ့ စခန်းကုန်းပေါ်ပြန်ရောက်လာသည်။ စာပို့လမ်းကြောင်းပြန်ပွင့်သွား၍ ၂ လတာကင်းကွာခဲ့ရသောရိက္ခာများနှင့် လူကြုံပစ္စည်းများ ပြန်လည်ရောက်ရှိလာသည်။

သည်လိုအချိန်ကောင်းအခါကောင်းတွင် အံ့သြစရာကောင်းသောကြေးနန်းတစ်စောင်ရောက်လာလေသည်။ ပေးပို့သူက သုတေသနစီမံကိန်းကြီးကြပ်သူညွှန်ကြားရေးမှူးကိုယ်တိုင်ပါ။

“စစ်ဆင်ရေးအခြေအနေများအရ သုတေသနလုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်စွမ်းမရှိပါက အမြန်တင်ပြရန်”

ဆက်သွယ်ရေးရဲဘော်လေးမျက်နှာက မသာယာပါ။ သေအတူရှင်မကွာ လပေါင်းများစွာနေလာခဲ့ပြီး မိမိကြောင့်လည်း ပို၍အားရှိရသည့်အခြေအနေတွေ ကျင်လည်ခဲ့ပြီးမှ မိမိပြန်ရမည်ကို မတားကောင်းပေမဲ့ ဝမ်းမသာနိုင်သည့်မျက်နှာမျိုး။

“အဘ သိသွားပြီလား”

“အဘက ပြခိုင်းလိုက်တာ၊ သူကတော့ ဆရာဝန် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပါစေတဲ့၊ ငါသိပြီးပြီလို့တောင် မပြောနဲ့တဲ့”

သက်ပြင်းတစ်ချက်ကိုချ၍ စာကို သူ့ပြန်ပေးလိုက်သည်။

“ရတယ်၊ သူ့ကို ကျွန်တော်သွားတွေ့လိုက်မယ်၊  ခင်ဗျားကသာ  ကြေးနန်းအကြမ်းရေး၊ ကျွန်တော် အခုခေါ်ပေးမယ်၊ ဟုတ်ပြီလား”

(၄)

“ဟာ…ဆရာဝန် လာဗျာ၊ အတော်ပဲ ကျွန်တော်တို့ ထမင်းစောစောစားလိုက်ရအောင်၊ ချမ်းတုန်း ထမင်းပူပူလေးစားလိုက်ရရင် နွေးတယ်ဗျ၊ ဟင်းတွေကလဲကောင်းဗျာ၊ ကျွန်တော့်အစွမ်းတော့ မဟုတ်ဘူးနော်၊ ဆရာဝန်ရဲ့အစွမ်း၊ ဒါ သမီးလေးပို့လိုက်တဲ့အထုပ်ထဲက ဖောက်ထားတဲ့ဟင်းတွေ… ဟား…ဟား”

နောက်တန်းတွင်ကျန်ခဲ့သော မိမိလက်ထပ်ရန် ရည်ရွယ်ရင်းရှိသည့် ချစ်သူမိန်းကလေးကို သူက “သမီးလေး”ဟု မမြင်ဖူးဘဲနှင့် ချစ်စနိုးခေါ်နေခြင်းပါ။ ဧကန္တတော့ သည်ကြေးနန်းကိစ္စကို သူစကားမစချင်သေးဟုထင်သည်။ သည်တော့လည်း မသိချင်ဟန်ဆောင်၍ ထင်းရှူးပုံးခွံများနှင့်တည်ဆောက်ထားသော ထမင်းစားစားပွဲဘေးက ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

ထိုစဉ်တွင်ပင် ထောက်လှမ်းရေးအရာရှိ   (အိုင်အိုဗိုလ်ကြီး) ဝင်လာပြီး  အလေးပြုသည်။ လက်ထဲကစာရင်းစာအုပ်ကိုပြသည်။

“ထွက်စာပါအဘ၊ ဆရာဝန်ပို့ခိုင်းတာပါ”

“ဟေ…”

တပ်ရင်းမှူး မျက်မှန်ကောက်တပ်သည်။ စာကိုယူဖတ်သည်။ မျက်နှာက အလွန်အံ့သြသည့်မျက်နှာသို့ ရုတ်တရက်ပြောင်းသွားသည်။

“ဆရာဝန်…ဒါက ဘာတုံး၊ သုတေသနဖြစ်အောင်ဆက်လုပ်မယ်ဆိုတာက ဘာသဘောတုံး၊ မပြန်ဘူးလို့ပြောတာလား”

“ဟုတ်ပါတယ် အဘ၊ ကျွန်တော် စာရင်းပိတ်ဖို့ အခက်အခဲရှိနေတာသာ တင်ပြတာ၊ အထက်က ပြန်ချင်ပြန်လာခဲ့တော့လို့ ခွင့်ပေးသလိုဖြစ်နေတယ်”

“အမှန်ပဲ၊ ကျွန်တော်လဲ အဲဒီလိုပဲနားလည်တယ်”

“ဒီသုတေသနကို ကျွန်တော် ဘယ်လောက်ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်ဆိုတာ အဘလဲသိတာပဲ၊ အဘတို့လဲ ကိုယ်တိုင်ဆေးသောက်ပြီး ပါခဲ့ရတာပဲ၊ ဒီလောက်လုပ်ပြီးခါမှတော့ ကျွန်တော်လက်မလျှော့ချင်တော့ဘူး၊ ပြီးဆုံးအောင် ဆက်လုပ်တော့မယ်၊ ရှင်းရှင်းပြောရရင် ထည့်ပြီးခဲ့သမျှလုံ့လတွေကို အားနာတယ်”

သူက ခေါင်းခါသည်။

“ဆရာဝန်တို့ပြန်သွားရင်  ကျွန်တော်တို့တပည့်တွေကို အားငယ်မှာစိုးလို့ ထည့်စဉ်းစားစရာမလိုဘူးနော်၊ ဒါ ကျွန်တော်တို့နေနေကျဘဝပဲ”

“နားလည်ပါတယ် အဘ၊ အခုက အလုပ်သဘောတစ်ခုတည်းပါ၊ ကျွန်တော်လုပ်မယ်လို့ ပြောထားတဲ့အလုပ်တစ်ခုကို အခက်အခဲကကြီးလို့တော့ နောက်မလှည့်ချင်တော့ဘူး၊ လုပ်သင့်သလောက်လဲ လုပ်ပြီးပြီ၊ လုပ်ပြီးတာတွေကိုလဲ အလဟဿမဖြစ်စေချင်ဘူး၊ ကျွန်တော် ဒီလိုစာပြန်လိုက်ရင် စာရင်းပိတ်ဖို့ကို သူတို့ဖြစ်အောင် စီစဉ်ကြမှာပါ”

တပ်ရင်းမှူးနှင့် အိုင်အိုတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြ၏။

(၅)

လွင့်မျောနေသောအတွေးတို့ စာမေးပွဲခန်းအတွင်းသို့ ပြန်ရောက်လာသည်။

ပါမောက္ခကြီးကိုလှည့်ကြည့်မိတော့ သက်ပြင်းချ၍ ခေါင်းခါနေသည်။ ကျောင်းသားကတော့ ထွက်သွားနှင့်ပြီ။

“ခက်တယ်ဗျာ၊ ဒီကလေးတွေ တန်ဖိုးထားသင့်တဲ့ဟာကို တန်ဖိုးလို့မမြင်တတ်ကြဘူး”

မှန်ပါသည်။

အလုပ်တစ်ခု၏တန်ဖိုးကို  ထိုအလုပ်မှ ပြန်လည်ရရှိနိုင်သော မိမိ၏ကိုယ်ကျိုးနှင့်သာ အမြဲတိုင်းတာနေပါက၊ ထိုသို့တိုင်းတာတတ်သူတွေချည်းသာရှိနေပါက တကယ်တန်ဖိုးရှိသောအလုပ်တို့ကို လုပ်မည့်သူမရှိနိုင်တော့ပါ။

ပြီးခဲ့သော ၁၅ နှစ်ကအဖြစ်အပျက်ကိုပင် ကြည့်။ စေတနာ၏တန်ခိုးပေပဲလား၊ ဇာတ်သိမ်းပိုင်းကတော့ ဖြောင့်ဖြူးခဲ့သည်မှာ အမှန်ပင်။

မိမိပြန်စာကိုရသည်နှင့် ညွှန်ကြားရေးမှူးက သုတေသနတာဝန်ခံ လူထုကျန်းမာရေးပါရဂူတွေကို ခေါ်ပြသည်။

“မင်း ဘယ်လိုသဘောရသလဲ”

“လုပ်စရာတစ်ခုပဲရှိတာပါ ညွှန်မှူး၊ ကျွန်တော် ရှေ့တန်းလိုက်သွားမယ်”

ပါရဂူကလည်း ပြတ်သားသည်။ ရှေ့တန်းအထိ ပါရဂူအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ လိုက်လာခဲ့သည်။ စာရင်းပိတ်သုတေသနလုပ်ငန်းများ နှစ်ပတ်တိတိ ဆောင်ရွက်သည်။

“ညီလေး…မင်း အနားယူသာနေ၊ ဒါတွေ အစ်ကိုတို့ဘာသာလုပ်မယ်၊ မင်းသိပ်ပင်ပန်းနေပြီ”

မိမိကိုပင် ပေးနားထားလိုက်သေး၏။ နောက် မိမိကိုပါခေါ်၍ နောက်တန်းသို့ပြန်သည်။ တပ်ရင်းမှူးလည်း ပြောင်းမိန့်ထွက်၍ နောက်တန်းသို့ တစ်ပါတည်းပါလာသည်။

နောက်တန်းတွင်စောင့်နေသော သူ တစ်ခါမှမမြင်ဖူးသည့် သမီးလေးနှင့် မိတ်ဆက်ပေးခွင့်ရလိုက်သေးသည်။ ဘဝက သည်လိုဆိုတော့လည်း သာယာလို့နေပြန်သည်။

(၆)

နောက်ပိုင်းကျတော့ကော…။

တက်ချည် ကျချည်၊ ပျော်ချည် စိတ်ညစ်ချည်နှင့် အပြောင်းအလဲများခဲ့သောဘဝသည် ၁၅ နှစ်ကျော်ကြာပြီးသည့်နောက်တွင် အနည်ထိုင်လာခဲ့၏။

တပ်ရင်းမှူးက အသက် ၆ဝ ကျော်ပြီး အငြိမ်းစားယူ၍ ရွှေပြည်သာတွင် တစ်ဦးတည်းသောသားလိမ္မာကလေး၏ ပြုစုစောင့်ရှောက်မှုကို ငြိမ်းချမ်းစွာခံယူနေ၏။ ညွှန်ကြားရေးမှူးကတော့ ဆရာဝန်ကြီးဘဝမှ အငြိမ်းစားယူခဲ့သော်လည်း သံအမတ်ကြီးတစ်ဦးအဖြစ်  တိုင်းပြည်တာဝန်ထမ်းဆောင်ဆဲ။ လူထုကျန်းမာရေးပါရဂူကတော့  ညွှန်ကြားရေးမှူးချုပ်အဆင့်ပင် ရောက်ခဲ့လေပြီ။

မိမိလည်း တစ်သက်လုံး စိတ်ကူးပင်မယဉ်ဝံ့ခဲ့သည့် စာမေးပွဲပေါင်းများစွာကိုအောင်မြင်ခဲ့ပြီး အထူးကုဆရာဝန်ကြီးတစ်ဦးဘဝ၊ ဆရာဝန်လောင်းကလေးများ၊ ဘွဲ့လွန်သင်တန်းသားဆရာဝန်ကလေးများကို လေ့ကျင့်သင်ကြားပေးရသူတစ်ဦးဘဝ ရောက်ခဲ့လေပြီ။

လွန်ခဲ့သော ၁၅ နှစ်ကျော်က ရှေ့တန်းအခြေပြု ငှက်ဖျားသုတေသနဆေးမှူးဘဝကိုတော့ ဘယ်သူမှသတိမရနိုင်ကြတော့။ ဆရာဝန်ကလေးများနှင့် စကားလက်ဆုံကျရင် တစ်ခါတစ်ခါပြောပြတော့လည်း သူတို့အတွက်များ ဒဏ္ဍာရီဆန်လွန်းနေပြီလားဟုပင် မဝံ့မရဲတွေးမိပြန်လေသည်။

တစ်ဖက်ကတွေးတော့လည်း ဘယ်သူမှသိတာ၊ မသိတာသည် ပဓာနမကျ။ အသိအမှတ်ပြုခံရ၊ မခံရသည် အရေးမပါလှ။ အရေးပါသည်က ကိုယ့်ကိုယ်ကိုယ်သိဖို့မဟုတ်ပါလား။ ထိုစဉ်က တစ်ဆင့်ပြန်ကြားရသည့် မိဘပင်အပြစ်တင်သည့် ဆုံးဖြတ်ချက်တစ်ချက်ကို စွန့်စားချမှတ်ခဲ့ဖူးသည်။ ထိုစွန့်စားမှု၏နောက်ကွယ်တွင် အသိအမှတ်ပြုခံလိုစိတ်မရှိ။ မိမိစိုက်ထုတ်ခဲ့ပြီးသောလုံ့လများစွာတို့ကို အားနာသည့်စိတ်သာရှိခဲ့သည်။

ထိုအကျင့်၊ ထိုစိတ်ဓာတ်သည် တစ်သက်လုံးအတွက် ခိုင်မာခဲ့သည်။ မထည့်ရသေးသော  လုံ့လ၊ ထည့်ပြီးခဲ့သောလုံ့လတို့ကို ဘယ်သောအခါမျှ မလေးမစားမလုပ်မိတော့။ ထို့ကြောင့်လည်း ဘယ်သောအခါမှ လွယ်လွယ်နှင့်အလျှော့မပေးတတ်တော့။ သည်စိတ်ဓာတ်အခြေခံတို့က သည်ဘဝကိုပို့ခဲ့သည်ဟု ယုံကြည်မိခဲ့သည်။

သြော်…စောစောကထွက်သွားသည့် ဆေးကျောင်းသူ၊ ဆေးကျောင်းသားတို့ကော သည်လိုများတွေးတတ်ခဲ့ကြရင်၊ တွေးတတ်အောင် စည်းရုံးပေးနိုင်စွမ်းများ မိမိတွင်ရှိခဲ့လျှင် ရှိနေပြီး “ဆရာ”ဘဝကို များစွာဂုဏ်ယူမိမည်ပင်။

တစ်ခုကျန်ပါသေးသည်။

မိမိပြုခဲ့သော ငှက်ဖျားသုတေသနစာတမ်းကကော ဘယ်အဆင့်အထိရောက်ခဲ့ပါသလဲ။ တွေးမိတော့ ကြည်နူးစွာပြုံးမိရသည်။

လွန်ခဲ့သောနှစ်နှစ်က အီဒင်ဗာရာ တော်ဝင်သမားတော်များကောလိပ်မှ ကိုယ်စားလှယ်အဖွဲ့ရောက်လာသည်။ မိမိ ယူကေနိုင်ငံတွင် ပညာတော်သင်သွားစဉ်က သင်ကြားပေးခဲ့သော ဆရာအရင်းဖြစ်သူ “စကော့” လူမျိုးသမားတော်ကြီးလည်းပါလာ၍ ဝမ်းသာအားရ လေဆိပ်တွင်သွားရောက်ဆီးကြိုနှုတ်ဆက်ခဲ့သည်။

“ငါတို့ ပဲခူးအထိသွားဖို့အစီအစဉ်ရှိတယ်ကွ၊ ပဲခူးဘက်မှာ ငှက်ဖျားရှိသလား”

“သိပ်တော့မဆိုးပါဘူးဆရာကြီး၊ ကာကွယ်ဆေးကော မသောက်ခဲ့ဘူးလား”

“ဟာ… သောက်တာပေါ့ကွ၊ ငါမလာခင် လန်ဒန်က တော်ဝင်အပူပိုင်းဆိုင်ရာဆေးပညာနဲ့ကျန်းမာရေးကောလိပ်ကို လှမ်းမေးတယ်၊ မြန်မာပြည်သွားရင် ဘာငှက်ဖျားကာကွယ်ဆေးသောက်ရမလဲလို့၊ သူတို့က လွန်ခဲ့တဲ့ ၁၅ နှစ်က သုတေသနစာတမ်းတစ်ခုပို့ပေးတယ်၊ အဲဒီဟာ ခုထိကောင်းတုန်းပါပဲဆိုတော့ ငါလဲ အဲဒီဆေးပဲသောက်ခဲ့တာပေါ့”

သူဖတ်ခဲ့ရသည့်စာတမ်းကိုမေးကြည့်တော့ မိမိလုပ်ခဲ့သည့် သုတေသနစာတမ်းဖြစ်နေသည်။

“ဆရာကြီး၊ သုတေသီစာရင်းကောဖတ်ကြည့်လိုက်သေးလား”

“မဖတ်မိဘူး၊ ဘာဖြစ်လို့လဲ”

“ကျွန်တော်လဲပါတယ်လေ၊  ကျွန်တော် ငယ်ငယ်က ရှေ့တန်းအထိသွားလုပ်ခဲ့တာ”

သမားတော်ကြီးမျက်နှာက ထူးခြားသည့်တိုက်ဆိုင်မှုအတွက် အံ့အားသင့်ဟန်ကို မဖုံးနိုင်ခဲ့။ ။

                                            လင်္ကာရည်ကျော်

(ဖြစ်ရပ်မှန်များဖြစ်သည်။)