02
Jul

စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

ထင်းအဖြစ်သို့ မဆင်းသက်မီ

ဘိုဘိုသန့်ဇင်

 

ဝိုင်းကလေးထဲကို ကျွန်တော်ဝင်သွားသည်အထိ မည်သူမျှမရှိ။ ဝိုင်းတစ်ခုလုံးကတိတ်ဆိတ်နေသည်။ သစ်ပင်၊ ပန်းပင်များအလယ်မှာ ထည်ဝါစွာ တိတ်နေပုံမျိုးတော့မဟုတ်။ ခနော်ခနဲ့တဲကလေးနှင့် အထီးတည်းသွေ့နေခြင်းမျိုးသာဖြစ်သည်။
ဝိုင်းအလယ်မှာ ယခင်က မတွေ့ဖူးသည့် တဲအိုကလေးက ငုတ်တုတ်ကလေးတည်နေသည်။ ယခင်က သည်လေးနေရာမှာ သွပ်မိုးထရံကာနှင့် အိမ်ကလေး တစ်လုံးရှိဖူးတာ ကျွန်တော်သိသည်။ ပုန်းညက်ပင်တွေ၊ ဇီဇဝါပင်တွေနှင့် ခြံကလေးကလည်း စိမ်းစိမ်းလတ်လတ်ရှိတာကို မှတ်မိပါသေးသည်။ ယခုတော့  ဟိုစဉ်ကလိုမဟုတ်တော့။
+++++++
‘အရီး’ဟုအော်ခေါ်မည်ပြုပြီးမှ မခေါ်ဘဲနေလိုက်သည်။ လက်ထဲက အထုပ်လေးကို ကျစ်ကျစ်ဆုပ်ပြီး ဝိုင်းကလေး (ကျွန်တော်တို့ အညာတွင် ခြံကို ဝိုင်းဟုခေါ်သည်) ထဲသို့ဝင်ခဲ့သည်။ ယခင်က တန်းလျားခုတင်ကြီးတွေ ချထားသောနေရာမှာ နွမ်းနွမ်းလျလျဝါးကွပ်ပျစ်ကလေးတစ်ခုက အရင်ဆုံးဆီးကြို၏။ ကွပ်ပျစ်ပေါ်မှာတော့ ခနော်ခနဲ့ စားပွဲကလေးရှိသည်။
ထိုစားပွဲပေါ်တွင် အေးစက်စက်ထမင်းကြမ်းတစ်ဇလုံကို မြေစလောင်းဖုံးလေးမလုံ့တလုံနှင့် ဖုံးအုပ်ထားသည်။ ထမင်းဇလုံ၏ဘေးတွင် နှုတ်ခမ်းပဲ့နေသည့် စဉ့်ရေနွေးကြမ်းအိုးကလေးက ငုတ်တုတ်ကလေးထိုင်နေ၏။
တရုတ်ပြည်တွင်ထုတ်လုပ်သည်ဆိုသည့် တံဆိပ်နှိပ်ထားသည့် အကြမ်းပန်းကန်လေးနှစ်လုံးကတော့ တစ်လုံးလန်၊ တစ်လုံးမှောက်လျက် ရေနွေးအိုးကလေးဘေးမှာငြိမ်လျက်။ အသစ်အဟောင်းလဲလှယ်ခြင်း အလျှင်းမရှိတော့သည့် တဲအမိုးပေါ်က ကျိုးကျိုးကျဲကျဲထန်းလက်အဆွေးများကတော့ ထိုအရာများအားလုံးကို နေရောင်ဒဏ်မှ မလုံမလဲကာကွယ်ပေးနေသည်။
ပိန်ညှောင်ညှောင်ခွေးဝဲစားတစ်ကောင်က တဲ၏တံစက်မြိတ်အစပ်မှာ ခြေလေးဖက်စလုံးဆန့်၍ စင်းစင်းကြီးအိပ်လျက်ရှိ၏။ လူစိမ်းဝင်လာသည်ကိုသိသော်လည်း ထိုခွေးက ခေါင်းပင်ထောင်မကြည့်။ တင်းထိမ်စောင်ညစ်ညစ်တစ်ထည်က တဲနံရံဝါးလုံးတန်းမှာ လျော့ရိလျော့ရဲချိတ်တွဲနေသည်။ ထိုတင်းထိမ်၏နောက်ရှိ ကွပ်ပျစ်စင်လေးပေါ်မှာ အရီးလဲလျောင်းနေသည်ဆိုတာသိသော်လည်း ကျွန်တော် အသံမပြုမိ။ အိမ်ဝန်းကျင်အနှံ့ကိုသာ လိုက်ကြည့်နေမိသည်။
အရီးတို့အိမ်ကလေးက ရွာထဲမှာမို့သာ အိမ်ဟုဆိုရသော်လည်း အိမ်မမည်။ တောထဲယာထဲမှာတွေ့ရတတ်သည့် မြေစိုက်တဲကလေးမျှသာဖြစ်သည်။ မြေစိုက်တဲပင် ထန်းလက်စိုစိုလေးများဖြင့် သစ်သစ်လွင်လွင်ပြုပြင်ထားသည့်တဲမဟုတ်။ နင်းကျိုးနင်းကျန်နှင့်ဟောင်းအိုနေသော တဲကလေးမျှသာဖြစ်သည်။
အိုမင်းမစွမ်းတို့နေသည့်အိမ်ပီပီ ဘာမျှသစ်သစ်လွင်လွင်မရှိ။ အိမ်တလင်းမှာ တမာရွက်ကြွေတချို့ ပြန့်ကျဲနေပြီး ဝင်းထရံများကလည်း ခရိုးခယိုင်နှင့်ပြိုလဲနေ၏။
“အရီး… အရီး… အရီးသာမောင်”
အရီးလဲလျောင်နေသည့် ကွပ်ပျစ်ကလေးပေါ်လက်တစ်ဖက်ထောက်ကာ အရီးမျက်နှာနှင့် နီးကပ်သည်အထိ ခေါင်းကိုငုံ့၍ အသံတိုးတိုးနှင့်ခေါ်လိုက်တော့ ‘ဟင်…’ဆိုသည့် တိုးညင်းသံနှင့်အတူ အရီးကိုယ်လေး လူးလွန့်လာတာတွေ့ရသည်။ တိမ်စွဲနေသောမျက်လုံးများက မှေးမှေးမှိန်မှိန်ပွင့်လာသည်။
“အရီး… ကျွန်တော်ပါ၊ မှတ်မိရဲ့လား ဟင် အရီး”
‘မောင်ငဘိုလေ’ဟု ပြောလိုက်၍သာ သူသိလိုက်သော်လည်း ဆယ်နှစ်မျှမက မတွေ့ကြရသည့် ကျွန်တော့်လူပုံပန်းသဏ္ဌာန်ကိုတော့ သူမသိတော့။ မှုန်မွဲဝေဝါးနေသည့် တိမ်မျက်ဝန်းများဖြင့် အိပ်လျက်ကမော့ကြည့်၏။ ကျွန်တော့်ရုပ်သွင်ကိုသိလျှင်သိချင်း ‌‘ဪ’ဆိုသော အာမေဍိတ်ပြု၏။ ပြီးတော့ တုန်ချည့်ချည့် သူ့လက်ကလေးကို တရွေ့ရွေ့မြှောက်၍ ကျွန်တော့်လက်ကိုခွန်မဲ့အားမဲ့ဖမ်းဆွဲ၏။ မျက်ရည်သွယ်သွယ်စီးကျလျက်က ဝူးဝူးဝါးဝါးနှုတ်ဆက်၏။
နောက်တစ်ခေါက် မင်းလာရင် တွေ့နိုင်ပါတော့မလားဆိုသည့်စကားကို ဗလုံးဗထွေးပြောရင်း သူ့အနာဂတ်ကိုသူပြန်တွေးပြီး ဝမ်းနည်းနေပြန်သည်။
ဘယ်ကဘယ်လိုစ၍နှစ်သိမ့်ရမည်လဲမတွေးတတ်။ လေဖြတ်ဝေဒနာသည်တွေဟာ အငိုလွယ်၊ အရယ်လွယ်သည်ဟု သိထားခဲ့သော်လည်း ယခု အရီးငိုနေသည်က ထို့ထက်ပို၍ ခံစားရဟန်တူ၏။ တစ်ချိန်က အရီးကိုယ်မည်းမည်းတောင့်တောင့်ကြီးက ယခု ဘယ်ကိုရောက်သွားသည်မသိ။ ဖွဲအိတ်ပိန်ပိန်ကလေးကို အိပ်ရာထက်မှာ ပစ်ချထားသကဲ့သို့ အရီးကိုယ်လေးက လျော့ရိလျော့ရဲပျော့တိပျော့တွဲ။
ကျွန်တော်တို့ငယ်စဉ်ကတော့ အရီးများဘေးမှာလာရပ်လိုက်လျှင် အရိပ်အာဝါသကောင်းသည့် သစ်တစ်ပင်အောက်မှာ ခိုဝင်လိုက်ရသကဲ့သို့ပင်။ အသက်ကြီးမှအိမ်ထောင်ကျပြီး သားသမီးရယ်လို့မရှိသော အရီးကလည်း ကျွန်တော်တို့ မောင်နှမတစ်စုကို သစ်တစ်ပင်မျှမက အရိပ်အာဝါသပေးခဲ့ပါသည်။ မုဆိုးမဘဝနှင့် ခက်ခက်ခဲခဲရုန်းကန်နေရသည့် ကျွန်တော်တို့ အမေ၊ သူ့အစ်မကိုလည်း အရီးက ဘယ်တော့မှပစ်၍ မထား။ ရောက်သည့်အရပ်ကနေ ဘာရလာလာ အစ်မနှင့်ကျုပ်တူတွေဖို့ဟုဆိုကာ သူပါသမျှ တစ်ဝက်ကိုတော့ ခွဲဝေပေးသည့်အရီး။ ရွာမှာ လယ်မရှိ၊ ယာမရှိတော့ လုပ်ကိုင်စားရသည်မှာ ပို၍ခက်ခဲသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့ ရှစ်နှစ်အရွယ်ရောက်တော့ ပခုက္ကူဘက်က မြစ်ရေဝင်ရွာတွေနားသို့ အရီးတို့လင်မယား ပြောင်းရွှေ့သွားတော့သည်။ ထိုရွာတွင် အရီးမ၏ဆွေမျိုးများရှိကြသည်။ အမေ့မှာ အရီးကိုသာငေးနေသည်။ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ မောင်နှမနှစ်ယောက် အတူတူနေလာကြသည်မို့ မပြောင်းလည်း မပြောင်းစေချင်၊ တားလည်း မတားနိုင်ဖြင့် အမေသည် ငေးကြောင်ကြည့်ကာ ကျန်နေရစ်ခဲ့သည်။ ကျွန်တော်တို့ကတော့ မရ၊ အရီးပုဆိုးစကိုဆွဲပြီး အရီးမသွားပါနှင့်ဟု ငို၍တားကြသည်။ အရီးနှင့်ပဲလိုက်မည်ဟုလည်း ပူဆာကြပြန်သည်။ အမေကမနည်းချော့တာပင် အငိုက မတိတ်ချင်၊ ပြေးကြည့်မှ အရီးအရင်းက ဒါပဲရှိတာမို့ အားကိုးတွယ်တာလှသည်။
++++++
ယခုတော့လည်း အရာရာသည်ပြောင်းလဲခဲ့ပြီ။ အမေလည်းမရှိတော့။ အရီးထံသို့လည်း ငါးနှစ်ကြာ၍မျှ တစ်ခေါက်မရောက်နိုင်တော့။ အိုမင်းမစွမ်းလှသော အရီးခမျာ အထီးကျန်လှသည်။
သစ်တစ်ပင်ကြီးရင့် အိုခြောက်သွားသကဲ့သို့ပင်။ အရိပ်မပေးနိုင်၊ အကာမပေးနိုင်။ သူ့ကိုယ်သူပင်ပြိုလဲမသွားအောင် မနည်းတည့်မတ်နေရဟန်ရှိသည်။ တစ်ခြမ်းစို၊ တစ်ခြမ်းခြောက်ဘဝနှင့် ဘာမျှမစိမ်းလန်းနိုင်တော့။ အရိုးဂေါက်ဂက်နှင့် သွေ့ခြောက်သေဆုံး ထင်းလုံးလုံးဖြစ်မည့် သစ်တစ်ပင်နှယ်။ ငှက်လည်းမခို၊ အသီးလည်းမသီး၊ ပန်းလည်းမပွင့်။ ဘာဆိုဘာမျှ မတင့်ဆန်းတော့၊ မလန်းရွှင်တော့။
ဟိုစဉ်အတိတ်က သူ့အရိပ်မှာခိုနားဖူးသူ ကျွန်တော်တို့ကလည်း သူ့ကိုတစ်လှည့် လုံခြုံသည့်အရိပ်ကို မပေးနိုင်တော့။ ငယ်စဉ်ကတော့ အရီးဆိုသော သစ်ပင်ရိပ်မှာထွေးသိပ်ပါမှအိပ်ပျော်ခဲ့သည့် ကျွန်တော်။ ယခုတော့ ငှက်ကလေးလို တာဝန်မဲ့သည့် ကိုယ့်အဖြစ်ကိုယ်တွေး၍ အရီးခွင့်လွှတ်ပါဟုသာ ရင်ထဲမှာ အခါခါဆိုနေမိသည်။ အိုးကင်းပေါ်က မုန့်ပျားသလက်ကဲ့သို့ အထက်ကိုမွှေလိုက်၊ အောက်ကိုလှန်လိုက်ဖြင့် နူးနူးနပ်နပ်ဖြစ်ဖို့ ဘဝကိုရုန်းလိုက်ရသည်မှာ အရီးထံသို့မဆိုနှင့် အမေ့ထံသို့ပင် အမြန်လာပါဆိုသည့်စာရမှ ကားခကို မိန်းမထံက အောက်ကျို့ခံတောင်းပြီး ကမန်းကတန်းထပြေးလာရသည့် ကိုယ့်အဖြစ်ကိုလည်း ကိုယ်မတွေးချင်တော့။ အရီးနှင့်လည်း ထိုစဉ်ကပဲ နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်လာလည်တာလေ အရီး၊ အရီးမကော အရီး၊ ဘယ်သွားလဲ၊ အရီးကော သက်သာရဲ့လားဟင်”
သစ်ခြောက်ပင်ကို လေတိုးနေသကဲ့သို့ ဝူးဝူးဝါးဝါးနှင့်ဆိုနေသော အရီးစကားတွေကို နားမလည်။ မနည်းအာရုံစိုက်နားထောင်မှ အရီးမ ညအတွက် မီးထွန်းဖို့ ဘက်ထရီအိုးအားသွင်းသွားသည်ဟုသိရသည်။ ကျွန်တော့်လက်ကို တုန်ချည့်ချည့်၊ လေးပင်ပင် သူ့လက်နှင့် အားကိုးတကြီးဆုပ်စမ်း၍ ဆီမန်းမန်းသကဲ့သို့ တဝူးဝူးဆိုနေသော အရီး။ အရီးတို့ဖို့ဟု ရည်စူး၍ယူလာသမျှထဲက စားစရာလေးအနည်းငယ်နှင့် တစ်သောင်းတန်စက္ကူလေးငါးရွက်ကိုထုတ်ပြီး ကန်တော့ဟန်ပြင်တော့ တစ်ခေါင်းလုံးဖွေးနေသည့် ဆံပင်မွဲခြောက်ခြောက်နှင့် အရီးမပြန်ရောက်လာသည်။ လက်ထဲမှာလည်း ဘက်ထရီအိုးကလေးဆွဲလာ၍-
“ ဟောတော်… ကိုင်း… မောင်ငဘိုကြီး”
အော်အော်ခေါ်ခေါ်ဖြင့် အရီးမက ကျွန်တော်တို့အနား ကပျာကယာရောက်လာသည်။ ဘက်ထရီအိုးလေးကို တဲနံရံမှာ ကမန်းကတန်းချခဲ့သည်။
“အရီးတို့ဆီ မင်းမရောက်တာ ဘယ်လောက်ကြာပြီတုံး၊ မင်းအမေဆုံးတုန်းကပဲ နောက်ဆုံးတွေ့ရတာပါတော်၊ ခုဆို ဆယ်မိုးဆယ်ဝါဘယ်ကတော့မှာတုံး၊ နေနိုင်ချက်က ရက်စက်တယ်ငါ့တူကြီး”
အရီးမကတော့ အနေအစားဆင်းရဲ၍ နွမ်းနွမ်းဖပ်ဖပ်ရှိသော်လည်း ကျန်းမာဟန်တော့ရှိသည်။ အသံက ဟိုယခင်လိုမာသေး၏။ ဆံပင်တွေက တစ်ခေါင်းလုံးဖြူပြီး ခါးကအနည်းငယ်ကိုင်းနေသော်လည်း လူပုံကသွက်သေး၏။ “အရီးမတော့ ကျန်းမာရေးကောင်းရဲ့နော်” ဟု ကျွန်တော်ကမေးတော့-
“ကောင်းတယ်ကြီးလုံးလုံးတော့ ဘယ်ဟုတ်လိမ့်မတုံး၊ မင်းအရီးကြီးကို ကြည့်ရသေးတော့ ငါလဲလို့မဖြစ်ဘူးဆိုပြီး အားတင်းထားရတာပေါ့ငါ့တူရယ်၊ တောင်ဝှေးလဲတော့ ဖိုးသူတော်ရှိတယ်၊ ဖိုးသူတော်ပါလဲလို့ကတော့ တောင်ဝှေးလဲမကယ်နိုင်၊ ဒါ့ကြောင့် အားတင်းထားရတာ ငါ့တူရယ်”
အရီးမကတော့ ဆင်းရဲပင်ပန်းလှသော်လည်း မျက်လုံးနှင့်လေသံမှာ စိတ်ပျက်အားငယ်ဟန်မတွေ့ရ။ အသံကလည်း စွာစွာလောင်လောင်ရှိလှသည်။
အရီးရဲ့ ကျန်းမာရေးအခြေအနေကိုလည်း အော်ကျယ်အော်ကျယ်ဖြင့် သိသမျှအကုန်ပြော ပြသည်။ ဆေးဝါးအစုံအလင်နှင့် ကုသလိုက်လျှင် နှစ်လမကြာဘူးကောင်းမည်ဆိုတာလည်းပါသည်။
ဓာတ်စာကောင်းကောင်းလေးကျွေးရလျှင် ထူထူထောင်ထောင်ဖြစ်လာမှာဆိုတာလည်းပါသည်။ ယခုတော့ ထွန်းရွှေဝါလေးလိမ်းလိုက်၊ ထန်းအရက်နှင့်စိမ်ထားသည့် တောရှောက်ပေါင်းလေးလိမ်းလိုက်ဖြင့် နေပြန်ကောင်းပါစေ ဆုတောင်းနေရကြောင်းကို အရီးမကပြောပြတော့ စိတ်မကောင်း။ အရီးမကတော့ “ဘာတတ်နိုင်မှာတုံး၊ အကောင်းဆုံးတော့ ရှိသမျှခွန်အားနဲ့ပြုစုတာပဲ”ဟုဆိုသည်။ အရီးကတော့ တိမ်မျက်လုံးမွဲမွဲနှင့် အရီးမကိုသာငေးနေ၏။
အထူးကုဆိုပြီး ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးတွေရှိရာ ဆေးခန်းကြီးတွေကိုသာ အရီးကိုခေါ်သွားလိုက်ရလျှင် အရီးမကပိုပျော်မည်ထင်သည်။ ဒီဆရာဝန်တွေနှင့်ကု နှစ်လမကြာဘူး အရီးထပြေးနိုင်ပြီ။ စိတ်မှာစာနာစွာဖြင့် ထိုအတွေးဝင်လာလျက် ထိုသို့အားပါးတရနှစ်သိမ့်ပေးချင်သော်လည်း နှုတ်ကတော့ ထွက်မကျဝံ့။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့ တာဝန်ယူစကားမပြောရဲ။ သစ်ခြောက်ပင်ပေါ်ပြန်လာနားသည့်ငှက်ကလေးလို မဝံ့မရဲ။ ပင့်သက်ကိုပဲ ရှိုက်ရှိုက်နေမိသည်။ အရီးမကလည်း ခပ်နွမ်းနွမ်းရှိလှသော ကျွန်တော့် ပုံစံကိုကြည့်၍ နားလည်ဟန်တူပါသည်။
“မင်းအရီးအတွက် ဘာမှမပူနဲ့၊ ဘာမှမပူနဲ့”ဟုသာ တွင်တွင်ဆိုနေသည် ။ “ထမင်းစားပြီးမှပြန်ကွဲ့”ဟုဆိုလျက် သူ့မီးဖိုချောင်ယိုင်နဲ့နဲ့ကလေးအတွင်းသို့ ကိုင်းကိုင်းကိုင်းကိုင်းနှင့်လျှောက်ဝင်သွားရာကို ကျွန်တော်လိုက်‌ငေးနေမိသည်။ ထမင်းဟင်းချက်သည့်နေရာမို့သာ မီးဖိုချောင်ဟုသုံးနှုန်းခေါ်ဝေါ်ရသော်လည်း တကယ်က ခိုင်ခိုင်မာမာအရံအတားမရှိ။ လူမမာအရီး ၏ကွပ်ပျစ်နှင့် ဆယ်ပေခန့်မျှအကွာတွင် တဲကလေး၏ခြေရင်းကို တစ်ဖက်ယပ်အဖီလေးဆွဲ၍ မီးဖိုချောင်လုပ်ထားခြင်းသာဖြစ်သည်။ ဖိုခုံလောက်သုံးလုံးဆိုင်လျက် စားပွဲပုညစ်ညစ်လေးတစ်လုံးချ၍ အရီးမက ညစာချက်ဖို့ပြင်တော့သည်။
“နေပါစေ အရီးရယ်၊ ကျွန်တော်မစားတော့ပါဘူး၊ ခဏနေရင်ပြန်မယ်၊ ဝါးရင်းချိုင်မှာကလဲ နှုတ်ဆက်စရာ အမျိုးတွေရှိသေးတယ်လေ”
“မင်းနှယ်လာတုန်းလေးတော့ လေးငါးဆယ်ရက်နေပါအုံး”ဟုဆိုရင်း
“နေအုံး… နေအုံး၊ မင်းလာတာနဲ့အတော်ပဲ၊ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် ကြောင်လျှာပွင့်တွေ အရီး ရေနွေးဖြောထားတယ်တော့၊ မင့်ကိုသုပ်ကျွေးမယ်၊ မင်းငယ်ငယ်က တအားကြိုက်ပေါ့တော်”
ကျွန်တော်ငယ်စဉ်ကအကြိုက်ကလေးများကိုပင် အရီးမက မှတ်မှတ်ရရရှိလှသေးသည်။ ပြောလည်းပြော၊ မြေအိုးမည်းမည်းလေးထဲက ကြောင်လျှာပွင့်တွေကိုရေစစ်၍ အရီးမက သုပ်ဟန်ပြင်တော့သည်။ ရေနွေး‌ဖြောပြီးသား ကြောင်လျှာပွင့်တွေကို ကတ်ကြေးနှင့်တချက်ချက်ကိုက်လျက်က ကျွန်တော့်သားသမီးတွေ နေကောင်းလား၊ အတန်းတွေ ဘယ်လောက်ရောက်ပြီလဲဟုမေးသည်။ “မင်းမိန်းမကတော့ နေစိမ့်ပေါ့၊ တစ်ခေါက်မှတောင် ဒီရွာဒီပြည်ကို မလာဘူး”ဟုလည်းဆိုသည်။ အညာသားကိုယူထားပြီး ပူပူခေါင်ခေါင်အညာဒေသကို ခြေပင်မချချင်ဆိုသည့် မိန်းမစကားကိုပြန်မပြောလို။ “ရှင်လည်း အလုပ်က ခွင့်သိပ်ရတာမဟုတ်ဘူး၊ မြန်မြန်သွား၊ မြန်မြန်ပြန်လာ”ဆိုသော မိန်းမမှာတမ်းကိုလည်း ပြန်မကြားလို။ သည်အကြောင်းတွေအား အရီးမကို ဘာမျှမပြောလို။ သည်တော့ အရီးအကြောင်းထံ စကားလမ်းကြောင်းပြောင်းလိုက်သည်။ အသုပ်ထဲထည့်ရန် ကြက်သွန်ဖြူနှင့်မြေပဲလှော်ကို ထောင်းထုနေလျက်က-
 “မင့်အရီးကြီးအတွက်တော့ ငါတစ်ယောက်လုံးရှိနေသမျှစိတ်ချပါ၊ မတော်လို့များ ငါ အရင်သေသွားရင်တော့ မင့်အရီးခမျာ ပြူးရချေရဲ့ပေါ့တော်၊ သူသန်တုန်းမြန်တုန်းက နေပူစပ်ခါးမရှောင်လုပ်ကိုင်ကျွေးခဲ့တဲ့ကျေးဇူးတွေကို အရီးက ဘယ်မေ့လိမ့်မတုံး မောင်ငဘိုရယ်၊ သူ အခုလိုဖြစ်တော့လဲ အရီးမက ဒီခါးကြီးတချည့်ချည့်နဲ့ဖြစ်အောင် ပြန်လုပ်ရတာပေါ့၊ ချေးသေးကအစပြုစုရတာပေါ့၊ ဒါပေမဲ့ အရီးမက မငြူစူပါဘူး၊ သူ့တုန်းကအရိပ်ပေးခဲ့သလို ကိုယ့်အလှည့်ကျတော့လဲ အမိုးပြန်ပေးရတာပေါ့၊ အရီးရဲ့ဒီစေတနာမှန်ကန်ရင် မင်းအရီးကြီးဝေဒနာသက်သာပါစေလို့ပဲ ဆုတောင်းနေရတာပဲ”
အရီးမစကားကိုကြားရတော့ စိတ်တစ်ဝက်အေးချမ်းရသည်။ စေတနာစိတ်ရင်းနှင့်ပြုစုသူအနားရှိ၍ အရီးအတွက်လည်း စိတ်အေးမိသည်။ ကျွန်တော်အသက်ကြီး၍ အရီးကဲ့သို့များ အိုမင်းမစွမ်းလျှင် အိမ်ကမိန်းမက အရီးမ၏စိတ်တစ်ဝက်များထားနိုင်ပါမည်လားဟုတွေးမိတော့ နောက်ကျောကို ကြိမ်လုံးဖြင့်ရိုက်ချခံလိုက်ရသကဲ့သို့ ကော့ခနဲယောင်ပြီးတွန့်သွားမိသည်
“စားရေးသောက်ရေးကော အရီးမ ဘာလုပ်သေးတုံး”
မမေးသင့်သောမေးခွန်းကို လွှတ်ခနဲမေးလိုက်မိ၍ မျက်နှာပူလှသည်။ တကယ်ဆိုလျှင် သည်အရွယ်ကြီးတွေက သားထောက်သမီးခံရှိလျှင် ဘုရားသွားကျောင်းတက်ဖြင့် စားဖို့မပူမပင်ရသည့်အရွယ်တွေပင်။ အရီးမကတော့ ဒါတွေကိုအတွေးရှိသော်လည်း တမ်းတနေဟန်မတူ။ ကျွန်တော်တို့ထံက ပေးကမ်းမှုကိုလည်း မျှော်လင့်နေဟန်မတူ။ အသုပ်တွေကို သူ့လက်မည်းမည်းပိန်ပိန်ကလေးနှင့် ဆွကာဆွကာနယ်နေသည်။ လူပုံက ကိုင်းကိုင်းဆိုသော်လည်း အရီးမက မာချာ၍တော်သေး၏။
“ယာမရှိ၊ ချောင်းမရှိဘဲဟာ ငါ့တူရယ်။ ဘာလုပ်စားရလိမ့်၊ ရေနံရည်တွေဝနေတဲ့ သွပ်မိုးပျဉ်ထောင် အရင်အိမ်ကြီးတောင်ရောင်းပစ်ပြီး အခု ဒီတဲလေးနဲ့နေရတာပဲကြည့်တော့၊ ဝိုင်းကလေးတောင် တစ်ခြမ်းပဲ့ရောင်းမယ်စိတ်ကူးနေတာ၊ မင်းအရီးကြီး ဆေးဖိုးပေါ့ကွယ်၊ အခုတော့ အရီးမလဲ ပေါ်တာကိုလိုက်ပြီးကောက်သင်းကောက်စားရတာပေါ့၊ ပဲချိန်ခါ ပဲ၊ အာလူးချိန်ခါ အာလူး၊ ကြက်သွန်ချိန်ခါ ကြက်သွန်ပေါ့၊ ဝမ်းတစ်ထွာအတွက်တော့ ဒီလိုပဲပေါ့ငါ့တူ၊ ရပ်ထဲရွာထဲက ဆွေရယ်မျိုးရယ်ကလဲပေး၊ ဝါးရင်းချိုင်က မင်းအစ်မများ၊ အစ်ကိုများကလဲပေးနဲ့ ဝမ်းတစ်ခါးအတွက်တော့ ဒီလိုရှာကြံပြီး ပြီးရတာပဲ၊ တွေးပူနေလို့လဲ ဘာထူးမှာတုံး”
ရောက်တဲ့ဘဝမှာ ပျော်အောင်နေဆိုသော အရီးမ၏ခံယူဟန်ကို လေးစားမိပါသည်။ ငါများ အရီးလို လေတစ်ခြမ်းဖြတ်ထားလျှင် အရီးမကဲ့သို့ ကြင်နာသူက စိတ်လက်ရှည်ပါမည်လားဟု အတွေးကဆက်မိတော့ မွန်းကျပ်ကျပ်ကြီးခံစားလာရသည်။
အရီးမက ပြောလည်းပြော ကြောင်လျှာပွင့်သုပ်စားနေလျက် ငေးငိုင်သွားသည့် ကျွန်တော့်ကိုလည်း “ပြန်လျှင်ယူသွား”ဟုဆိုကာ သူကောက်သင်းကောက်ထားသည့် မြေနှင့်လူးနေသည့် အာလူးလေးငါးဆယ်သားလောက်ကိုလည်း ဆိုးဆိုးဆတ်ဆတ်နှင့် လက်ဆောင်အတင်းပေးနေသည်။ နည်းပင်နည်းသော်လည်း သူခက်ခက်ခဲခဲနှင့် ရှာဖွေကောက်ယူထားရသည့် အာလူး ကလေးတွေ။ ပင်ပင်ပန်းပန်း သူကောက်ထားတာလေး မယူရက်၊ မစားရက်။ သူကတော့ “အဖိုးမတန်လို့လား”ဟုဆိုလျက် အာလူးထုပ်လေးကို မလိုက်၊ ချလိုက်၊ သက်ပြင်းရှိုက်လိုက်။
“အရီးတို့ကိုလာကန်တော့တာ ပြန်တော့မယ်၊ ကျွန်တော်တစ်ရက်နှစ်ရက်နေပြီး ရန်ကုန်ပြန်ရမှာ အရီး”
ကျွန်တော်နှင့် အရီးမအချီအချပြောနေကြစဉ်က အိပ်လျက်ကနားထောင်နေသည့်အရီးက ကျွန်တော်ပြန်တော့မည်ဟုဆိုတော့ ကျနေကွက်ကျားထိုးနေသည့် ကွပ်ပျစ်လေးပေါ်ကနေ ငုတ်တုတ်ထနိုင်အောင်ကြိုးစားသည်။ ပြီးတော့ ပါးစပ်ကလေးတလှုပ်လှုပ်နှင့် ဆုတွေတသီကြီးပေးရင်း ဝေသီစွာငေးရီလို့ ကျန်နေခဲ့ကြတော့သည်။
++++++
အရီးတို့ကမ္ဘာလေးသည် သွေ့ခြောက်တိတ်ဆိတ်ပါသည်။ တစ်ယောက်ကိုတစ်ယောက်ကဖေးမ၍ ကြုံလာရသောလောကဓံကိုတောင့်ခံထားကြဟန်တူ၏။ သစ်တစ်ပင်မျှနှစ်ဦးတစ်ဘဝဆိုပါလျှင် ရာသီဥတုနှင့် အရွယ်ကြီးရင့်မှုကြောင့် သစ်ပင်၏တစ်ခြမ်းက နွမ်းဖျော့သွေ့ခြောက်သွားသော်လည်း စိုနေသေးသော အခြားတစ်ခြမ်းသည် သူ့ရှိသမျှခွန်အားများကိုမျှ၍ ခြောက်သောတစ်ခြမ်းကို မေတ္တာလွှမ်း၍ အားဖြည့်ရှင်သန်နေပုံမျိုးဖြစ်သည်။
ဝေဒနာသည်ပီပီ လူမမာအရီးက ညှိုးငယ်ဟန်ပြသော်လည်း အရီးမကတော့ ဆူဆူဝေဝေနှင့် အရီးရှေ့မှာ မားမားရပ်လျက် စွာစွာစွာစွာဖြင့် ခွန်ရှိအားရှိကြောင်းကို လူမမာအရီးမြင်သာအောင်အစဉ်ပြနေသည်။ မပြည့်မစုံနှင့် ခွန်မဲ့အားမဲ့နိုင်လှသော်လည်း ဝမ်းနည်းဟန်တော့မမြင်ရ။ လူမမာတစ်ဖက်၊ စားဖို့တစ်ဖက်နှင့်မို့ ညအိပ်ရာဝင်လျှင် ဖက်ဆေးလိပ်ကြီးတစ်တိုနှင့်အရီးမအိုကြီး အိပ်များပျော်ပါမည်လားဟု ပူပူပင်ပင်တွေးမိပါသည်။
အရေးအကြောင်းရှိ၍မျှ အဝေးကသားချင်းများကို ဖုန်းဟုမဆက်တတ်သောအရီးမ။ အင်တာနက်ဆိုတာကိုလည်း အရီးတို့မသိ၊ ဖေ့စ်ဘွတ်ခ်ဆိုတာကိုတော့ ကြားပင်ကြားဖူး ပုံမပေါ်။ အရီးတို့အဖို့မှာ ဒါတွေသိရန်လည်းမလို၊ ကျန်းမာရေးနှင့် စားဝတ်နေရေး၊ နေကောင်းရေးနှင့် အပူအပင်ကင်းရေးကသာ အရီးတို့အဖို့မှာ အရေးပါနေပါတော့သည်။ ထိုလိုအပ်ချက်လေးကို ကျွန်တော် သိပ်ကိုဖြည့်ပေးချင်ပါသည်။ သို့သော်… သို့သော်များမို့ ဘာဆိုဘာမျှ ကျွန်တော်ဆက်၍မတွေးချင်တော့။ နံပါတ်လေးဂီယာကိုထည့်ပြီး ဆိုင်ကယ်ကိုသာ တလွင့်လွင့်စီးခဲ့လိုက်တော့သည်။ လမ်းဝဲယာနှစ်ဖက်မှ သစ်ပင်အိုကြီးများသည် တရိပ်ရိပ်ဖြတ်နေသော ဆိုင်ကယ်၏ဝဲယာနှစ်ဖက်တွင် ချာချာလည်၍ ကျန်ရစ်ခဲ့တော့၏။  ။

ဘိုဘိုသန့်ဇင်